အမှတ် - ၆၈၁ ။ စက်တင်ဘာလ - ၉ရက်၊ ၂၀၁၀ ခုနှစ်၊ ကြာသပတေးနေ့
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
မန္တလေးတက္ကသိုလ် ဓမ္မာရုံကြီးတွင် ဝါတွင်သီလပွဲများကျင်းပ
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... ၆၈၁
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
သိပံ္ပ၊ နည်းပညာနှင့် သဘာ၀၀န်းကျင်
ကွန်ပျူတာ စကား.၁၃

ကွန်ပျူတာ စနစ်ရဲ့ ထည့်သွင်း ကိရိယာတွေနဲ့ပတ်သက်လို့ တင်ပြပြီးတဲ့အခါ ထုတ်ပေး ကိရိယာ- Output Device တွေအကြောင်း ဆက်ပြောကြရအောင်။ ကွန်ပျူတာ တစ်လုံးဝယ်ရင် လည်ပတ်စနစ် ယူနစ်ကြီးနဲ့အတူ မောက်စ်တို့၊ ကီးဘုတ်တို့ ပါလာသလို မော်နီတာတို့၊ စပီကာတို့၊ ပရင်တာတို့လဲ ပါလာမှာဖြစ်တယ်။

ကွန်ပျူတာ စနစ်က ဘာတွေ ထွက်လာမလဲ။ ဘာတွေ ထုတ်ပေးပါသလဲ။ အကြမ်းဖျင်း ပြောရရင် Text Output, Graphic Output, Video Output, Audio Output ဆိုပြီး ခွဲခြား နိုင်တယ်။

ကွန်ပျူတာစနစ်နဲ့ အပြန်ပြန် အလှန်လှန် လုပ်ကိုင်တဲ့ နေရာမှာ မပါမဖြစ်တာကတော့ ပုံဖော်မျက်နှာပြင်ပဲ ဖြစ်တယ်။ Monitor လို့ခေါ်ခေါ်၊ Display လို့ပြောပြော၊ Screen လို့ ဆိုဆို သင့်သလို ခေါ်ဝေါ်ပြောဆို နိုင်ပါတယ်။ ယေဘုယျအားဖြင့် နှစ်မျိုး နှစ်စားရှိနိုင်တယ်။ Cathode Ray Tube -CRT နဲ့ Liquid Crystal Display-LCD တို့ပဲဖြစ်တယ်။

ကွန်ပျူတာ အသုံးပြုသူတွေကတော့ မော်နီတာလို့ပဲ လွယ်လွယ်ခေါ် လိုက်ကြတယ်။ ဘယ်လိုမော်နီတာဖြစ်ဖြစ် ဝယ်ယူအသုံးပြုမယ့်သူတွေက အရွယ်အစား ဘယ်လောက်လဲ။ Resolution ဘယ်လောက်ရှိလဲဆိုတာ အရင်ဆုံး စစ်ဆေးကြတယ်။

CRT မော်နီတာတွေက လွန်ခဲ့တဲ့ နှစ်အထိ အများသုံးမော်နီတာ တွေဖြစ်ခဲ့တယ်။ LCD မော်နီတာတွေကတော့ လွန်ခဲ့တဲ့ တစ်နှစ်ကျော် ကျော်လောက်စပြီး အရည်အသွေး ပိုကောင်းလာသလို ဈေးနှုန်းတွေကလဲ သိသိသာသာ လျော့ကျလာတာ တွေ့ရတယ်။ ၂ဝ၁ဝ ခုနှစ်မှာတော့ CRT မော်နီတာတွေကို ဝယ်ယူအသုံးပြုသူ မရှိသလောက် ဖြစ်သွားတယ်။ CRT ရော LCD ပါ သူတို့မှာ အားသာ ချက်တွေကိုယ်စီရှိကြသလို အားနည်း ချက်တွေလဲရှိနေကြတယ်။ CRT အမျိုးအစားရဲ့ အားသာချက်ကတော့ တစ်ပြိုင်တည်း အများနဲ့ချိတ်ချက် ဆောင်ရွက်ရတဲ့ ကိစ္စမျိုးမှာ အလွန်ကောင်းတယ်။ Refrash Rates မြင့်မြင့်ရနိုင်တယ်။ အရောင်အသွေး နက်နက်ရှိုင်းရှိုင်း ဖော်ထုတ်ပေးနိုင်တယ်။ အားနည်းချက်ကတော့ ကြီးမားလေးလံတယ်။ နေရာယူလွန်း တယ်။ ပါဝါသုံးစွဲမှုကလဲ များတယ်။ အပူထွက်တဲ့ ပမာဏလဲကြီးတယ်။

LCD အမျိုးအစားတွေရဲ့ အားသာချက်တွေက ပိုသေးတယ်။ ပိုပါးတယ်။ ပိုပေါ့တယ်။ ပါဝါသုံးစွဲမှု နည်းတယ်။ မျက်စိ ညောင်းညာမှု နည်းနည်းနဲ့ အာရုံစိုက်ကြည့်နိုင်တယ်။ အားနည်းချက်ကတော့ အရောင်အသွေး ကြည်လင်ပြတ်သားမှု CRT လောက် မကောင်းဘူး။ အထူးသဖြင့် လှုပ်ရှားမှုရှိတဲ့ ပုံရိပ်တွေမှာ ပိုပြီး သိသာတယ်။

ဘာပဲဖြစ်ဖြစ် အခုအချိန်မှာတော့ LCD မော်နီတာ အမျိုးအစားက ဈေးကွက်မှာ နေရာယူလိုက်ပြီဖြစ်တဲ့ အတွက် မော်နီတာတွေအကြောင်း ပြောရာမှာ LCD မော်နီတာတွေကိုပဲ ဦးတည်ပြောကြတာက ပိုပြီး အဆင် ပြေလိမ့်မယ်ထင်ပါတယ်။

အရွယ်အစားကို ပြောဆိုရာမှာ ပုံဖော်မျက်နှာပြင်ရဲ့ ထောင့်ဖြတ် အတိုင်းအတာကိုပဲ ပြောဆိုလေ့ရှိတယ်။ Aspect Ratio ဆိုတာက မော်နီတာမှာ ပုံဖော်ဖို့အတွက် အသုံးပြုတဲ့ Pixel လေးတွေ ထောင်လိုက် ဘယ်လောက်ရှိတယ်၊ အလျားလိုက် ဘယ်လောက်ရှိတယ်ဆိုတာကို ညွှန်းဆိုဖော်ပြကြတာ ဖြစ်တယ်။ သမားရိုးကျ မော်နီတာအတွက် 4:3 နဲ့ တည်ဆောက်ထားလေ့ရှိတယ်။ အသစ်လွင်ဆုံး မော်နီတာတွေရဲ့ Aspect Ratio က 16:10 ဒါမှမဟုတ် 16:9 ရှိတယ်။ ဘာဖြစ်လို့လဲဆိုတော့ အလျားလိုက် ရှည်ရှည် မြင်ကွင်း ကျယ်ကျယ်နဲ့သုံးတဲ့ Widescreen တွေကို လူကြိုက်များလာလို့ပဲ ဖြစ်တယ်။ ကွန်ပျူတာ မော်နီတာနဲ့ ရုပ်ရှင်ကြည့်တဲ့အခါ HD TV တွေနဲ့ ကြည့်ရသလို မြင်တွေ့နိုင်စေဖို့ စီမံဆောင်ရွက် ပေးထားတာလို့ ပြောနိုင်တယ်။

Resolution ဆိုတဲ့ ထောင်လိုက်၊ အလျားလိုက် အစက်တွေနဲ့ စုစည်း လုပ်ကိုင်ပေးမှု အနေအထားကို ကြည့်ရင် စားပွဲတင် ကွန်ပျူတာသုံး မော်နီတာတွေက အနိမ့်ဆုံး 2560 x 1600 ရှိကြပါတယ်။ အကောင်းဆုံး နောက်ဆုံးထုတ် မော်နီတာတွေရဲ့ ပင်ကိုယ်သဘာဝ စွမ်းအားက ၂၅၆ဝ ထ ၁၆ဝဝ အထိ ရှိနေတယ်။

ပုံဖော်မျက်နှာပြင်ပေါ်မှာ အမည်းမှောင်ဆုံး အပိုင်းကနေ အလင်းဆုံး အတောက်ပဆုံး အပိုင်းကြား ဘယ်လောက်အထိ ကွာခြားနေသလဲဆိုတဲ့ အချိုးကို Contrast Ratio လို့ခေါ်တယ်။ Contrast Ratio ကောင်းရင် အလင်းရောင်ခွဲခြားမှုအား ပိုကောင်းတယ်လို့ ယူဆထားနိုင်တယ်။ ထုတ်လုပ်တဲ့ ကုမ္ပဏီအပေါ်မူတည်ပြီး ကွာခြားတဲ့ အချိုးတွေနဲ့ တည်ဆောက်လေ့ ရှိကြတယ်။

ကွန်ပျူတာ မော်နီတာရဲ့ အသေးစိတ် စာရင်းမှာ Response Time ဆိုတာလဲပါလာလိမ့်မယ်။ မီလီစက္ကန့်နဲ့ ပြဆိုပေးလေ့ ရှိတယ်။ မော်နီတာကို လျှပ်စစ်ပါဝါခလုတ် ဖွင့်ပေးလိုက်ပြီး ပီပီပြင်ပြင် ခင်းပြလိုက်နိုင်တဲ့အထိ ဘယ်လောက်ကြာသလဲ ဆိုတာကို ဖော်ပြတာပဲဖြစ်တယ်။ လှုပ်ရှားတုံ့ပြန်မှု ဘယ်လောက်အထိ မြန်ဆန်သလဲ ဆိုတာပဲ ဖြစ်တယ်။ ပုံဖော်မျက် နှာပြင်တစ်ခုကို တည့်တည့်ကြည့်ရှုတာထက် ဘေးစောင်းအနေအထား ဘယ်လောက်အထိ ကြည့်လို့ရမလဲ ဆိုတာကိုတော့ Viewing Angle နဲ့ ပြဆိုတယ်။ သီအိုရီအရ ပုံဖော်မျက် နှာပြင်ကို ဘေးတိုက် အနေအထား အထက်အောက် အနေအထားကို ပြင်ညီပြည့် ၁၈ဝ ဒီဂရီနဲ့ ပြပေးဖို့ ဖြစ်တယ်။ ဒါပေမယ့် တကယ်တမ်း အမြင့်ဆုံး မြင်နိုင်တာက အထက်အောက် ၁၇ဝ ဒီဂရီနဲ့ ဘေးတိုက် ၁၇ဝ ဒီဂရီပဲရှိပါတယ်။

LCD မော်နီတာ အများစုမှာ Analog Connector တစ်ခုနဲ့ Digital Connector တစ်ခု အနည်းဆုံးပါစမြဲ ဖြစ်တယ်။ ခေတ်မီတဲ့ မော်ဒယ်တွေ မှာတော့ HDM က ဆက်သွယ်မှုနဲ့ Display Port ဆက်သွယ်မှုတွေပါ ထည့်ပေးထားတယ်။

ပရင့်တာတွေကလဲ Out put Device တစ်မျိုးပါပဲ။ ရှေးအခါက ထိတွေ့မှုနဲ့ ပုံရိပ်ပေါ်စေတဲ့ Inpact အမျိုးအစားတွေကို သုံးပေမယ့် ခေတ်လယ်ပိုင်းကစပြီး Nonimpact အမျိုးအစားတွေပဲ သုံးကြပါတယ်။ မင်အစက်ချတဲ့ ပရင်တာတွေကို Inkjet Printer တွေလို့ ခေါ်ပြီး လည်ပတ်နေတဲ့ Drum လုံးမျက်နှာပြင်ပေါ်မှာ လျှပ်စစ်ငြိမ် အမှတ်စက်တွေ ဖန်တီးပြီး ပုံပြန်ဖော်တဲ့ အမျိုးအစားကို Laser Printer လို့ခေါ်ကြတယ်။ စက္ကူရွက်ပေါ် အစက်ကလေးတွေ ချပေးတဲ့ နှုန်းထားကိုပဲ ပရင့်ရဲ့ အရည်အသွေးအဖြစ် သတ်မှတ်ကြတယ်။ တစ်လက်မမှာ အစက် ဘယ်လောက် ချလဲဆိုတဲ့ dpi နဲ့ ပြဆိုတယ်။ ဆိုလို တာက dpi များလေ ပုံဖော်တဲ့အခါ ပိုပြီးသဘာဝကျကျတဲ့ ပုံရိပ်ထင်ဟပ်လေပဲလို့လဲ ပြောနိုင်ပါလိမ့်မယ်။

ပရင့်တာတွေကို ထုတ်လုပ် ရောင်းချတဲ့နေရာမှာ အဖြူအမည်းနဲ့ ပုံနှိပ်နိုင်တာကို Monochrome Printer လို့ခေါ်တယ်။ ရောင်စုံပုံနှိပ် ပေးတဲ့ ကိရိယာကိုတော့ Color Printer လို့ ခေါ်ကြတယ်။

ဒီနေ့ခေတ်ပိုင်းမှာတော့ ရောင်စုံပုံနှိပ်ပေးတဲ့ နေရာမှာ ဓာတ်ပုံ အရည်အသွေး သန့်သန့်ထုတ်ပေးတဲ့ Photo Printer တွေရှိလာခဲ့ပါပြီ။ ဒီအတွက် ဖလင်ခေတ်က ဓာတ်ပုံတစ်ပုံ ရယူနိုင်ဖို့ ဓာတ်ပုံဆိုင်သွားမှသာ ဓာတ်ပုံထုတ်တဲ့ လုပ်ငန်းစဉ်တွေကို လုပ်နိုင်ကြပေမယ့် ဒစ်ဂျစ်တယ်ခေတ်မှာ ကိုယ့်အိမ်မှာပဲ ဒစ်ဂျစ်တယ် ကင်မရာနဲ့ရိုက် ကွန်ပျူတာနဲ့ လိုအပ်သလိုပြု ပြင်ပြီး Photo Printer နဲ့ ကိုယ်တိုင် ထုတ်လုပ်နိုင်ကြပါပြီ။

အရွယ်အစား ကြီးကြီးမားမားကြီးတွေ ထုတ်တဲ့ ပရင်တာတွေကိုတော့ Plotters လို့ ခေါ်ကြတယ်။ နံရံကပ် ပိုစတာကအစ ခန်းလုံးပြည့် ပိုစတာကြီးတွေအထိ ထုတ်ပေးနိုင် ပါတယ်။

ပရင့်တာတစ်လုံးကို ဝယ်ယူ အသုံးပြုကြတဲ့အခါ တစ်မိနစ်ကို ဘယ်နှစ်မျက်နှာ ထုတ်ပေးနိုင်လဲဆို တာကို အဓိကထား စစ်ဆေးရပေမယ့် စတင်ရင်းနှီးလိုက်ရတဲ့ ငွေကြေး ပမာဏနဲ့ နှစ်ရှည်လများ အသုံးပြု ရတဲ့အခါ မင်အတွက် ကုန်ကျမယ့် ပမာဏနဲ့ ဇယားကိုက်အောင်တွက် ချက်နှိုင်းဆဖို့လဲ လိုပါတယ်။ Inkjet Printer တွေက Laser Printer တွေထက် ဈေးချိုလေ့ရှိတယ်။ ဒါပေမယ့် Inkjet Printer မှာ အသုံးပြုတဲ့ မင်ဘူး စရိတ်က Laser Printer မှာသုံးရတဲ့ မင်ဘူးစရိတ်ထက် ပိုများနေတာအမှန် ဖြစ်တယ်။

နောက်တစ်ခုက Inkjet ပဲဖြစ်ဖြစ်၊ Laser ပဲဖြစ်ဖြစ် အခုအခါ လုပ်ငန်းတစ်မျိုးထက် အသုံးပြုနိုင်တဲ့ မော်ဒယ်တွေ အများအပြား ရှိလာခဲ့တယ်။ ပရင့်ထုတ်ရုံပဲ မဟုတ်တော့ဘဲ မိတ္ထူကိစ္စ၊ Scan ကိစ္စ၊ Fax ကိစ္စ၊ တိုက်ရိုက်ပရင့်ထုတ် ကိစ္စတွေကိုပါ လုပ်ကိုင်နိုင်ကြတယ်။

ရုံးလုပ်ငန်းတွေမှာ နေရာယူကျဉ်းစေဖို့ စက်တစ်မျိုးချင်း သုံးစရာမလိုဘဲ စွယ်စုံသုံးပရင်တာကိုပဲအလွယ် သုံးလိုက်ကြတယ်။ ဝါယာကြိုးတွေနဲ့ ဆက်သွယ်ရတာ အနှောင့်အယှက် ဖြစ်တယ်ဆိုရင်လဲ ကြိုးမဲ့စနစ်နဲ့ သုံးနိုင်တဲ့ စက်အမျိုးအစားတွေကို ရွေးချယ်ဝယ်နိုင်တဲ့ အခွင့်အလမ်းတွေ ရှိနေကြပြီဖြစ်ပါတယ်။

ဝင်းစံ
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: zaygwet1997@gmail.com Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.