2013-5-20
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
ဖက်ဒရယ်အကြောင်း တိုင်းရင်းသားပြည်သူများ ပိုမိုနားလည်ရန် ရည်ရွယ်၍ ဖက်ဒရယ်ဂျာနယ် ပြည်တွင်းတွင် ပထမဦးဆုံး စတင်ထုတ်ဝေ
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... ၈၁၄
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
Special Report
မြစ်တစ်စင်းကို ရေချိုးခြင်း

        မြစ်တို့သည် ကွေ့ကောက်ကြကုန်၏။ လျှို့ဝှက် ကောက်ကျစ်ကြကုန်၏ဟု ပညာရှိတို့ဆိုခဲ့ကြသည်။ ဣတ္ထိယတို့ကို မလျှို့ဝှက် မကောက်ကျစ်ကြစေရန် ဆုံးမလိုသော် ဆုံးမကြပါ။ သို့သော် မြစ်တို့ကိုမူ မကွေ့ ကောက်စေ ရန် ဖြောင့်မပစ် လိုက်ကြ ပါနှင့်ဟု ဆိုချင်ပါ သည်။ မြေပြင်၏ အနိမ့်အမြင့် အနေအထားအရ မြစ်တို့ သည် ကွေ့ကောက်၍ စီးဆင်းကြ ရပေ သည်။ မြစ်တို့ သည် သဘာဝအတိုင်းရှိနေရပါမည်။ ကန်ချောင်း အင်းအိုင် ပင်လယ်သမုဒ္ဒရာတို့သည် သဘာဝအတိုင်း လွတ်လပ်စွာ ရှိနေရပါမည်။ သဘာဝအတိုင်းရှိနေမှသာ မြစ်ချောင်း အင်းကန် သမုဒ္ဒရာတို့သည် လူသားအပါအဝင် သတ္တ လောကကြီးအား သဘာဝကျစွာ ထာဝစဉ်တည်တံ့စွာ အကျိုးပြုနိုင်မည်ဖြစ်ပါသည်။

          ရေသည် တစ်ပိဿာရှိလျှင် သန့်သည်ဟု သိမှတ် ခဲ့ရသည်။ ယနေ့အခါတွင် ရေသည် တစ်ပိဿာ မဆို ထားဘိ၊ ပိဿာတစ်ရာရှိစေ၊ ပိဿာ တစ်ထောင်ပင်ရှိစေ မသန့်နိုင်တော့ပြီ။ မြစ်တို့၊ မဟာသမုဒ္ဒရာတို့သည်ပင် မသန့်နိုင်တော့ပြီ။ သိမှတ်ခဲ့မှုသည် မှားနေလေသလား။ ရေတစ်ပိဿာသည် သဘာဝအတိုင်း လွတ်လပ်စွာရပ် တည်ခွင့်ရပါက သန့်စင်နိုင်ပါသည်။ သဘာဝအတိုင်း ရွာကျလာသော မိုးရေသည် သဘာဝအတိုင်း စီးဆင်းလာ သောရေသည်၊ သဘာဝအတိုင်းတည်ရပ်ခွင့် ရသော မြစ် ချောင်း အင်းကန် သမုဒ္ဒရာတို့သည် သန့်စင်ပါသည်။ သဘာဝအတိုင်း ရပ်တည်ခွင့်ရသောရေသည် တစ်ပိဿာမျှရှိ လျှင် သန့်စင် သည်မှာ အမှန်ပင်ဖြစ်ပါသည်။ သို့သော် လူသားသည် နည်းမျိုးစုံဖြင့် မြစ်ချောင်းအင်းကန် သမုဒ္ဒရာ တို့အပေါ် မတရားပြုကျင့်လာကြသောအခါ ရေတစ် ပိဿာမဆိုထားဘိ၊ အင်းလေးကန်သည်ပင်၊ ဧရာဝတီ သည်ပင်၊ သမုဒ္ဒရာလေးစင်းသည် ပင် မသန့်စင်နိုင်ကြပြီ။ ကမ္ဘာ့အရှည်ဆုံးဖြစ်သော နိုင်း၊ တောင်အမေရိက၏ အမေဇုံ၊ အာရှ၏ ယန်စီ၊ မဲခေါင်၊ အိန္ဒိယ၏ဂင်္ဂါ၊ ယမုံနာ တို့သည် ညစ်ညမ်းခဲ့ရပြီ။ ပြည်မြန်မာ၏ ဧရာဝတီ၊ ချင်းတွင်း၊ စစ်တောင်း၊ သံလွင်မှအစ မြစ်များစွာတို့သည် ညစ်ညမ်းအဆိပ် သင့်ခဲ့ရပြီ။

          မြစ်သည် ကွေ့ကောက်စွာ စီးဆင်းမြဲဖြစ်သည်။ ကွေ့ကောက်စွာ စီးဆင်းခြင်းသည်ပင် မြစ်၏သဘာဝ အင်္ဂါ တစ်ရပ်ဖြစ်သည်။ ကွေ့ကောက်၍စီးဆင်းမှသာ သာယာငြိမ့်ညောင်းစွာ သူ၏ သဘာဝ တာဝန်များကို သဘာဝကျစွာ ထမ်းဆောင်နိုင်ပေမည်။ မြစ်ရေအလျဉ် တွင် ငါးစသော ရေသတ္တဝါတို့ ပျော် ပါးနေထိုင်နိုင်ကြမည်။ ပေါက်ဖွားဖွံ့ ဖြိုးနိုင်ကြ မည်။ ရေတိမ်ကမ်းစပ်အပင် များပေါက်ရောက် ဝေစည်နိုင်ကြမည်။ ရေပျော်ငှက်တို့ ကျက်စားနိုင်ကြမည်။ လူတို့သည် လည်း မြစ်ရေကို သောက် သုံးနိုင်ကြမည်။ မြစ်ရေဖြင့် စိုက်ပျိုးနိုင် ကြမည်။ မြစ်ကြောင်းခရီးဖြင့် ကုန် စည်များ ပို့ဆောင်ကူးသန်း စုန်ဆန် သွားလာနိုင်ကြမည်ဖြစ်သည်။

          သို့သော် ကျွန်တော်တို့၏ ယနေ့ကမ္ဘာသည် ညစ်ညမ်းမှုမျိုးစုံ ဖြင့် လွှမ်းခြုံနေသည်။ မြေထု၊ လေထု သာမက အာကာသအထိပင် ညစ် ညမ်းနေသည်။ ညစ်ညမ်းမှုမျိုးစုံ ကြောင့် လူသားဘဝသည် လုံခြုံမှု လျော့ပါးလာရသည်။ စားရေရိက္ခာရှား ပါးလာရသည်။ သဘာဝပတ်ဝန်းကျင် အရည်အသွေးညံ့ဖျင်းလာသည်။ လှပ သာယာမှု ဆိတ်သုဉ်းခဲ့ရသည်။ ထို ညစ်ညမ်း လာမှုအစုစု တင် တိုင်းပြည် တစ်ပြည်စီ၏ အသက်သွေးကြောဖြစ် သောမြစ်များလည်း မလွှဲမသွေပါဝင် လာကြရသည်။

          မြန်မာ့ဧရာဝတီသည် ညစ်ညမ်းခဲ့ပြီ။ ချင်းတွင်း သံလွင်တို့သည်လည်း နောက်ချန်မနေပါ။ ထိုင်း၏ ချောင်ဖယားသည်လည်း ညစ်ညမ်းနေပြီ။ အိန္ဒိယ၏ ဂင်္ဂါ၊ ယမုန်နာတို့သည် အလွန်ဆိုးရွားစွာ ညစ်ညမ်းနေ သည်။ တရုတ်နိုင်ငံ၏ မြစ်တို့သည်လည်း ညစ်ညမ်း နေပြီ။ လန်ဒန်၏ သိမ်းမြစ်သည်လည်း...

          သဘာဝတရားအတိုင်း ရှင်သန်စီးဆင်းရပါက သဘာဝတရား၏ ထိန်းညှိပေးမှုဖြင့် သန့်စင်ကြည်လင် စွာစီးဆင်းနေမည်ဖြစ်သော မြစ်တို့သည် လူသား၏ ပယောဂ၊ လူသား၏ဖျက်ဆီးမှုကြောင့် ညစ်ညမ်းခဲ့ရ သည်။ လူတို့သည် ကန်၊ ချောင်း၊ မြစ်၊ ပင်လယ်ထဲသို့ အရည်ပျော်ဝင်နိုင်သော၊ ရောနှောမျောစီးနေမည်ဖြစ်သော၊ မြစ်ကြမ်းပြင်တွင် အနယ်ထိုင်နေ မည်ဖြစ်သော၊ စုပုံများ ပြားလာကာ ရေလောက၊ ရေသတ္တဝါတို့၏ ဂေဟစနစ် ကို နှောင့်ယှက်ဖျက်ဆီးမည်ဖြစ်သော ပစ္စည်းမျိုးစုံ တို့ကို စွန့်ပစ်ကာ ညစ်ညမ်းစေကြသည်။ စွန့်ပစ်ပစ္စည်း တို့သည် ရေဒီယိုသတ္တိကြွပစ္စည်းများမှအစ အပူစွမ်းအင် အထိ မျိုးစုံလှ သည်။ စင်စစ် ရေတွင်ရောက်ရှိလာသော ပစ္စည်းများကို စုပ်ယူ၊ ခွဲချေ၊ သန့်စင်စေ၍ ပစ္စည်းသစ် ဖြစ်စေနိုင်သောသတ္တိတို့ရှိပေသည်။ သာမန် အခြေအနေ တွင် မြစ်ချောင်းများသို့ရောက်လာသော အဇီဝမူလ ပစ္စည်း Inorganic  တို့သည် ကျယ်ပြန့်စွာ ပြန့်နှံ့သွား ကာ ရေဂေဟစနစ်အတွက် ပြဿနာကြီးစွာဖြစ်လေ့ မရှိပေ။ ဇီဝပစ္စည်း Organic  တို့ကိုလည်း ဘက်တီးရီး ယားများ၊ အခြားဇီဝရုပ်များက ချေဖျက်ပြောင်းလဲပေး ကြသဖြင့် ရေဂေဟစနစ်အတွက် အန္တရာယ်ဖြစ်လေ့မရှိ ပေ။ သို့သော် မြစ်ချောင်း များ သို့ရောက်ရှိလာသော ပစ္စည်းမျိုးစုံတို့သည် ရေ၏သဘာဝပျော်ဝင်ချေ ဖျက်ပြု ပြင်ပေးနိုင်စွမ်း တို့ကို ကျော်လွန် လာသော အခါ မြစ်ရေ၊ ချောင်းရေတို့သည် ညစ်ညမ်းလာရတော့သည်။ ရုပ် ကြွင်းလောင်စာသုံး စက်ရုံ၊ အနုမြူဓာတ်အားပေးရုံများ သည် ရေပူများကို အမြဲထုတ်လွှတ်ကြသောအခါ အဏ္ဏဝါအပင်များ၊ ရေသတ္တဝါများ၏ ရေဂေဟစနစ် သည် ထိခိုက်ပျက်စီးရတော့ သည်။

          ရေသည် မသန့်ရှင်းသောလေထုနှင့် ထိတွေ့ရသော အခါ ညစ်ညမ်းရသည်။ မြေပြိုမှုများဖြစ်သောအခါ နုံး များပြားလာမှု၊ စိုက်ပျိုးရေးလုပ်ငန်းမှ ဓာတုမြေ သြဇာများ၊ ဓာတုပိုးသတ်ဆေးများ မြစ်ချောင်းများ အတွင်း  စီးဆင်းရောက်ရှိလာမှု၊ လူနှင့်တိရစ္ဆာန် တို့၏ စွန့်ပစ်ပစ္စည်းများ နည်းမျိုးစုံဖြင့်ရောက်ရှိလာမှုတို့ ကြောင့်ညစ်ညမ်းရသည်။ မြစ်ကမ်းတစ်လျှောက်ရှိ စက်ရုံအလုပ်ရုံများသည် လွှစာမှုန့်၊ စပါးခွံမှအစ ဓာတု ပစ္စည်း၊ ရေဆိုး စသည့်အမျိုးမျိုးသော ပစ္စည်းတို့ကို မြစ်ထဲ၊ ချောင်းထဲသို့စွန့်ပစ်ကြသည်။ ၄င်း တို့ထုတ် လုပ်သော ပစ္စည်းများကို မြစ်ရေဖြင့်ဆေးကြောသည်၊ အအေးခံကြသည်။ ထို ညစ်ညမ်းရေ၊ ရေပူ တို့ကို မြစ် ထဲ၊ ချောင်း ထဲသို့စွန့်ပစ်ကြသည်။ စွန့်ပစ်ပစ္စည်းတွင် အဆိပ်သင့်စေသောပစ္စည်းများ ပါဝင် လာကာ မြစ်ချောင်းရှိ သက်ရှိတို့သေ ဆုံးကြရ သည်။ ရေဂေဟစနစ်သည် ကြီးစွာ ပျက်စီးရတော့သည်။ မြစ် သည် မြို့ရွာတို့ကိုဖြတ်သန်းရသော အခါ လူတို့သည် အမှိုက်မျိုးစုံ တို့ကို စွန့်ပစ်ကြပြန်သည်။ မြစ်သည် အကြေသို့ရောက်သည်နှင့်အမျှ စွန့် ပစ်ပစ္စည်းမျိုးစုံတို့ဖြင့် ပို၍ပို၍ ညစ် ညမ်းလာ သည်။ မြစ်ရေသည် မြစ် ညာတွင် သန့်စင်နိုင်သေးသော်လည်း အကြေတွင်မူ သုံးမရအောင် ညစ် ညမ်းခဲ့ရပြီဖြစ်သည်။

          ၂ဝ၁ဝ ခုနှစ်တွင် ကျင်းပခဲ့ သော ကုလသမဂ္ဂဇီဝမျိုးစုံထွေပြားမှု ဆိုင်ရာ အစည်းအဝေးတွင် မြစ်ချောင်း အင်းကန်များမှ ငါးလုပ်ငန်းများ ရှင် သန်တည်တံ့ရေးအတွက် ဇီဝမျိုးစုံ ထွေပြားစွာရှိရေးသည် အရေးကြီး ကြောင်း၊ မြစ်ချောင်းအင်းကန်များ၏ ငါးလုပ်ငန်းသည် လူများစွာတို့၏ အသက်မွေးလုပ်ငန်းဖြစ်သကဲ့သို့ ထို ထက်များစွာသော လူတို့အတွက် ပရို တိန်းနှင့် သတ္တုဓာတ် တို့ကိုဖြည့်ဆည်း ပေးနေသည်။ သို့သော် ဆည်မြောင်း တာတမံ၊ ရေတံခါးများသည် မြစ်တို့ ၏သဘာဝကိုပိတ်ဆို့ ကာ မြစ်အောက် ပိုင်း၏ဂေဟစနစ်ကို ဆိုးဆိုးရွားရွား ထိခိုက်ပျက်စီးစေခဲ့ပေသည်။

          ရေချိုငါးတို့သည် အုပ်စုလိုက် ကျက်စားဒေသပြောင်းရွှေ့လေ့ရှိသည်။ ရေချိုနှင့် ရေငန် ကူးသန်းနေကြရ သည်။ တာတမံတို့က ရေချိုရေငန် ကူးသန်းလမ်းကြောင်းကို ပိတ်ဆို့ လိုက်သောအခါ ရေချိုငါးတို့၏ သဘာဝအလေ့အထ ပျက်စီးရတော့ သည်။ပင်လယ်မှငါးတို့သည် မြစ် ကြောင်းသို့ရောက်မလာနိုင်တော့ပေ။ ရေချိုငါးတို့ပျောက်ကွယ်ခဲ့ရသည်။ မြစ်ကြောင်း၏ငါး လုပ်ငန်းသည် ထိ ခိုက်ပျက်စီးခဲ့ရသည်။ ဆာလ်မွန်တို့ သည် ပင်လယ်ဝမြစ်ဝကျွန်းပေါ်ဒေသ တို့တွင် ပျော်ပါးကျက်စားကြသော် လည်း ဥဥသောအခါ မြစ်ညာမြစ်ဖျား အထိဆန်တက်ကာ ဥဥ သားပေါက် ကြရသည်။ တာတမံတို့က မြစ် ကြောင်းကို ပိတ်ဆို့ လိုက်သောအခါ ဆာလ်မွန်တို့သည် ဥရောပတွင် နှစ်စဉ် ရေချိုငါး တန်သန်း ၁၃ မှ ၃ဝ ကွယ်ပျောက် ခဲ့ရသည်။ ရေချိုငါး များ ပြန် လည်ရှင်သန် ဖွံ့ဖြိုးလာရန်အတွက် မြစ်ချောင်းတို့ကို စနစ်တကျ ထိန်း သိမ်းစောင့်ရှောက်ရန် လိုအပ်ပေသည်။

          မဲခေါင်တွင် တံငါတို့ဖမ်းယူနေ သော ငါးမျိုးသည် ၅ဝဝ ကျော်ရှိ သည်။ တံငါတစ်ဦးဖမ်းယူလာသော ပိုက်တွင် ငါးမျိုးစုံပင်ပါရှိလာသည်။ တံငါသည် ငါးအမျိုးအစားတစ်မျိုး တည်းအပေါ် ရပ်တည်အသက်မွေး နေသည်မဟုတ်ပေ။ ငါးတို့သည် မိမိ တို့၏ပင်ကိုသဘာဝဖြင့် ပတ်ဝန်း ကျင်ပြောင်းလဲမှုကို တုံ့ပြန်ကြသည်။ ပြောင်းလဲလာသော ပတ်ဝန်းကျင်ကို လိုက်လျောစွာ မတုံ့ပြန်နိုင်သော ငါး တို့သည် ကွယ်ပျောက်သွားကြရ သည်။ မြစ်ကြောင်း၏ ဂေဟစနစ် တွင် ဇီဝမျိုးစုံထွေပြားစွာရှိနေရေးသည် အရေးကြီးလှပေသည်။

          မြစ်ကမ်းတစ်လျှောက်ရှိ စက်ရုံ အလုပ်ရုံတို့သည် မြစ်အတွင်းသို့ ပစ္စည်းမျိုးစုံကို စွန့်ပစ်ကြသည်။ ထို စွန့်ပစ်ပစ္စည်းတို့သည် ငါးစသော ရေ ပျော်သတ္တဝါတို့အတွက် အဆိပ် အတောက်များဖြစ်လာကြသည်။

          စက်ရုံ အလုပ်ရုံများ၊ စိုက်ပျိုး ရေးလုပ်ငန်းများ၊ မြို့ရွာများက စွန့် ပစ်သော အမှိုက်မျိုးစုံနှင့် ဇီဝပစ္စည်း တို့သည် မြစ်ချောင်းတို့ရှိ ရေဂေဟ စနစ်၏ ဇီဝစွမ်းရည်ကို လွှမ်းမိုးသွား သောအခါ ရေသည် အဆိပ်သင့်လာ ရသည်။ ဇီဝပစ္စည်း တို့သည်ရေတွင် ရှိသော အနုဇီဝပစ္စည်းတို့၏ စွမ်းရည် ကို လွှမ်းမိုးသွားသောအခါ ရေမှော် တို့လျင်မြန်စွာပေါက်ဖွား ဖွံ့ဖြိုးလာ ကြသည်။ ရေမှော်တို့သေဆုံးကြသော အခါ ရေတွင် ဇီဝအမှိုက်များ ပိုများ လာကာ အောက်ဆီဂျင်လျော့ပါးလာ သည်။ ရေတွင် အောက်ဆီဂျင်မဲ့ ဇီဝ ရုပ် Anaerobic များပြားလာကာ၊ အောက်ဆီဂျင်မှီ Aerobic  ဇီဝရုပ်တို့ ကို အန္တရာယ်ပြု လာသည်။ ရေသည် စွန့်ပစ်ပစ္စည်းတို့ဖြင့် ညစ်ညမ်းကာ အနံ့ဆိုးများထွက်လာသည်။ အဲရီရေ ကန်နှင့် ဘော်လတစ်ပင်လယ်တို့ သည် ဤနည်းဖြင့် ညစ်ညမ်းခဲ့ရ သည်။ ဥရောပနှင့် မြောက်အမေရိက ရေချိုကန်များသည် ဤသို့ညစ်ညမ်း မှုကြောင့် ပြဿနာဖြစ်နေရသည်။ အာဟာရသင့်တင့်စွာရှိလျက် အဏ္ဏဝါ လောကမျှချိန်ညီကာ သန့်စင်စွာရှိနေ သည့် သဘာဝရေ ချိုသည် အာဟာရ လွန်ကဲ၊ ရေမှော်များပြည့်သိပ်၊ အောက်ဆီဂျင်ယုတ်လျော့ကာ ညစ် ညမ်းသွားမှုကို အရှိန်မြင့်အောက်ဆီ ဂျင် ဆိတ်သုဉ်းမှု- Accelerated Eutrophication ဟုခေါ်သည်။

          ကျန်းမာသော မြစ်တို့သည် ရေ ချိုရေသန့်ကိုပေးသည်။ ရေလွှမ်းမိုးမှု ကိုကာကွယ်ပေးသည်။ ငါးစသော ရေသတ္တဝါတို့နှင့် အရိုင်းကျက်စား ဒေသကို ဖွံ့ဖြိုးစေသည်။ လှပစိမ်း လန်းသော ကြည်မွေ့ဖွယ် အပန်းဖြေ ဒေသတို့ဖြစ်လာသည်။ ဒေသနေပြည် သူတို့အတွက် စီးပွားရေးအခွင့်အလမ်း တို့ကို ဖြစ်ပေါ်စေသည်။ ဒေသ အတွက် ဂုဏ်ယူဝင့်ြ<ွကားဖွယ် တန် ဖိုးမဖြတ်နိုင် သည့်ဒေသများဖြစ်လာသည်။ ဤအကျိုးများကို ဆောင်ပေး နိုင်မည့်မြစ်ညာမှစီးဝင်ချောင်းများ၊ ကမ်းစပ်ရေတိမ်ဒေသ များ၊ ရေဝေရေ လဲဒေသများ၊ ကမ်းစပ်ဒီရေရောက် ဒေသများထက် ပို၍ကောင်းသော ပို၍ကုန်ကျစရိတ်သက်သာသော အခြားတစ်စုံ တရာသည်မရှိနိုင်ပေ။ သဘာဝတရားထက် ထက်မြက်စွာ သတ္တဝါတို့၏ အကျိုးကိုဆောင်ပေး မည့်တစ်စုံတရာကို မြေကမ္ဘာပေါ်တွင် ရှာတွေ့နိုင်စရာမရှိပေ။

          ကမ္ဘာကြီး ပူပြင်းလာမှုနှင့်အတူ မိုးခေါင်ခြင်း၊ ရေကြီးခြင်း၊ ရေကြီးမှု နှင့်ဆက်နွယ်သော ကပ်ရောဂါများ ဖြစ်ပေါ်ခြင်းတို့ကို ရင်ဆိုင်ကြုံတွေ့ နေရသော ယနေ့ခေတ်တွင် မြစ်များ ကိုထိန်းသိမ်းစောင့်ရှောက်ရေးသည် ပို၍အရေးကြီးလာခဲ့ သည်။ မြစ်များ ကို မြစ်ဖျားမှစ၍ မြစ်ဝရေတိမ်ဒေသများ အထိ စောင့်ရှောက်ထိန်းသိမ်းကြရ မည်ဖြစ်သည်။ လူသားဘဝ ကျန်းမာ ရေး၊ လူ့အဖွဲ့အစည်းကျန်းမာရေး အတွက် မည်သည့်အရေးအရာသည် ရေထက်ပို၍ အရေးကြီးနိုင်ပါသ နည်း။

          ကမ္ဘာ့ရာသီဥတုဖောက်ပြန်လာ ခြင်းက မြစ်များ၏အရည်အသွေးကို ကောင်းမွန်စွာထိန်းသိမ်းစောင့်ရှောက် ထားရေးကို ချက်ချင်းလုပ်ဆောင်ကြ ရန် ညွှန်ပြတောင်းဆိုလျက်ရှိသည်။ ကမ္ဘာကြီးပူပြင်းလာမှုကြောင့် မြစ်တို့ ၏အပူချိန်မြင့်တက်လာ သည်။ မြစ်တို့ ၏အပူချိန် မြင့်တက်မှုသည် ရေ သတ္တဝါများနှင့် ကုန်းတစ်ပိုင်းရေတစ် ပိုင်းသတ္တဝါတို့၏ ကျက်စားဒေသ တို့ကို သိသာစွာပြောင်းလဲစေသည်။ ရေသတ္တဝါတို့ကို အန္တရာယ်ဖြစ်စေ သည်။ မိုးရွာမှုပုံသဏ္ဌာန်သည်လည်း ပြောင်းလဲကာ ရေခဲမြစ် တို့သည် စော စီးစွာအရည်ပျော်ကာ မြစ်တို့၏ ရေရ မှုပုံသဏ္ဌာန်သည်လည်း ပြောင်းလွဲ သွားသည်။

          ယနေ့ခေတ်တွင် ရေနံရှာဖွေ ခြင်း၊ သတ္တုတူးဖော်ထုတ်ယူခြင်းတို့ သည် မြစ်ချောင်းများအား ဆိုးရွားစွာ ထိခိုက်ပျက်စီးစေလျက်ရှိသည်။ လူ သားသည် ဖွံ့ဖြိုးမှုကိုရှာဖွေရမည်ဖြစ် သော်လည်း မိမိ၏ပျက်စီးကြောင်းကို ဖော်ဆောင်မည့် သဘာဝတရားအား ပျက်စီးစေမှုကိုမူ များစွာသတိထား၍ ဆင်ခြင်ရမည်ဖြစ်သည်။ သဘာဝ တရား၏ချိန်သားမျှခြေကိုမထိခိုက် မပျက်စီးစေရန် ထာဝစဉ်တည်တံ့စေ ရန် အထူးအရေးကြီးပေသည်။

မြစ်များကိုထိန်းသိမ်းခြင်း

          အမေရိကန်ပြည်ထောင်စုသည် လွန်ခဲ့သော နှစ်လေးဆယ်ကျော်ကပင် အရိုင်းသဘာဝနှင့် အလှအပမြစ်များ ထိန်းသိမ်းရေးဥပဒေ- National Wild and Scenic Rivers Act ကို ချမှတ်ကာ၊ ပြည်နယ် ၃၉ ခုရှိမြစ် ၂၅၂ စင်းကို ထိန်းသိမ်းခဲ့သည်။ မြစ် တို့၏ ရင်းမြစ်များ မပျက်စီးမီတွင် မြစ်၏အရေးကြီးသော သဘာဝပုံစံနှင့် ကျက်စားဒေသတို့ကို ထိန်းသိမ်းပေး ခြင်းသည် လုံးဝပျက်စီးသွားမှ ပြုပြင် ထိန်းသိမ်းခြင်းထက် များစွာကုန်ကျ စရိတ်သက်သာပေသည်။ ဆာလ်မွန် စသော ရေပျော်သတ္တဝါတို့ ဖွံ့ဖြိုးလာ ကာ ပြည်သူတို့သည် စီးပွားရေး အကျိုး၊ ဇီဝမျိုးစုံထွေပြားမှု၊ ကျက် စားဒေသဖွံ့ဖြိုးမှု၊ သဘာဝအလှ အကျိုးတရားကို ပြည့်ပြည့်ဝဝခံစား နိုင်ကြမည်ဖြစ်သည်။

          ထိုမျှနှင့် အားမရသေးသော အမေရိကန်တို့သည် မြစ်များအရည် အသွေးကျမှုကို ကာကွယ်ဟန့်တား ရန်အတွက် ရေသန့်စင်ရေးဥပဒေ-Clean Water Act ကိုချမှတ်ခဲ့သည်။ ဤဥပဒေနှင့်ညီညွတ်သော အညစ် အကြေးတစ်စုံတရာကြောင့် ညစ်ညမ်း ခြင်းမရှိသော မြစ်တို့ကို ထူးချွန်သော ရေရင်းမြစ် Outstanding Resource Water- ORW ဟု သတ်မှတ်ပေးခဲ့ သည်။ ပြည်နယ်အစိုးရအသီးသီး သည် မိမိပြည်နယ်အတွင်းရှိ မြစ်တို့ ကို ထူးချွန်ရေရင်းမြစ် အဆင့်ရောက် ရှိ စေရန် ကြိုးစားထိန်းသိမ်းခဲ့ကြရာ အမေရိကန်ပြည်ထောင်စု၏မြစ်တို့ သည် များစွာ သန့်ရှင်းဖွံ့ဖြိုးလာခဲ့ သည်။

          မြစ်များသည် အခြားပေးဆောင် မှုများစွာနှင့်အတူ ရေကြီးခြင်းကို လည်း ကာကွယ်ပေးသည်။ ရေကြီး ခြင်းသည် စင်စစ် မြစ်တို့၏ သဘာဝ ဖြစ်စဉ်တစ်ခုသာဖြစ်သည်။ သို့သော် ယနေ့ခေတ်တွင် လူတို့တည်ဆောက် ခဲ့သော တမံများ၊ ဆည်များ၊ ရေတံ ခါးများသည် မြစ်တို့၏ သဘာဝလုပ် ဆောင်မှုတို့ကို ထိခိုက်ပျက်စီးစေခဲ့ သည်။ မြစ်တို့သည် အဆက် အသွယ် ပြတ်တောက်ကာ အသက်ဝိညာဉ် ကင်းမဲ့ခဲ့ရသည်။ ရေချိုရေသန့်နှင့် ငါးနှင့် အရိုင်းသဘာဝတို့ကို ထိခိုက် ပျက်စီးစေ ခဲ့သည်။ သဘာဝဘေးကို သဘာဝနှင့် မဆန့်ကျင်ကြစေဘဲ သဘာဝနှင့်အညီသာ ကာကွယ်ရမည် ဖြစ်သည်။ ဆည်မြောင်းတာတမံ တို့၏ မြစ်တို့အပေါ်၊ သဘာဝတရားအပေါ် အကျိုးမဲ့စေပုံကို နားလည်သိရှိလာ သဖြင့် အမေရိကန်တစ်လွှားတွင် ဆည် ၁၅ဝ ကျော်ကို ပြန်လည်ဖျက် ဆီးရှင်းလင်းခဲ့သည်။ အမေရိကန်တို့ သည် မိမိစီးပွားရေးထိခိုက်မည်ကို စိုး ရိမ်၍ မှန်စိမ်းအိမ်ဓာတ်ငွေ့ ထုတ်လွှတ် မှုကိုလျှော့ချရန်ငြင်းဆို ပျက်ကွက်ခဲ့ သော်လည်း မိမိမြစ်ချောင်းများကိုမူ သဘာဝနှင့် အနီးစပ်ဆုံးထိန်း သိမ်း စောင့်ရှောက်လျက်ရှိပေသည်။

သိမ်းမြစ်ကိုရေချိုးခြင်း

          သိမ်းမြစ်သည် လန်ဒန်မြို့ကို ရေပေးနေသော ဗြိတိန်၏အရေးကြီး ဆုံးမြစ်ဖြစ်သည်။ ဗြိတိန်နိုင်ငံတောင် ပိုင်းမှ မြစ်လက်တက်လေးခုကို မြစ် ဖျားခံကာ ၂၁ဝ မိုင်စီးဆင်းလာခဲ့သော သိမ်းသည် ၁၈ မိုင်ကျယ်သော မြစ်ဝ ကိုဖြစ်စေ လျက် မြောက်ပင်လယ်သို့ စီးဝင်သည်။ ၁၉ ရာစုတွင် ဗြိတိန်၏ မြစ်များစွာသည် ညစ်ညမ်းလာခဲ့ရာ သိမ်းမြစ်လည်း အပါအဝင်ဖြစ် သည်။ အကြောင်းအမျိုးမျိုးကြောင့် ညစ်ညမ်း လာခဲ့သော သိမ်းသည် ၁၉၅ဝ ခုနှစ် တွင် ဇီဝသဘောသေဆုံးခဲ့သည် - Biologically dead  ဟု ပညာရှင်များ က သတ်မှတ်ခဲ့သည်။

          သိမ်းမြစ်အား သန့်စင်ရေးကို ၁၉၆၃ ခုတွင် စတင်ဆောင်ရွက်ခဲ့ သည်။ သိမ်း၏ရေအရည်အသွေးကို လွန်ခဲ့သော နှစ် ၁၄ဝ အထိ ခြေရာ ကောက်ခဲ့ကြသည်။ သိမ်း၏ မှတ် တမ်းများကို အမေရိကန်ပြည်ထောင် စုအထိ ခြေရာကောက်ခဲ့သည်။ သိမ်း သည် ကမ္ဘာတွင် မှတ်တမ်းသမိုင်း အရှည်လျားဆုံးမြစ်ဖြစ်ခဲ့ရသည်။ သမိုင်းမှတ်တမ်းများအရ နှစ် ၁၄ဝ ကာလတွင် သိမ်း၏နိုက်ထရိုဂျင် ပမာဏသည် ကြောက်လန့်ဖွယ်တိုး များလာသည်။ နိုက်ထရိုဂျင်လွန်ကဲ မှုသည် မြစ်၏ဂေဟစနစ်၊ မြစ်အတွင်း ရှိအပင်တို့၏ သဘာဝနှင့်ပမာဏကို ပြောင်းလဲစေခဲ့သည်။

          လန်ဒန်သည် ကမ္ဘာတွင် နိုက် ထရိုဂျင်ရောင်းချနှုန်း တစ်ဦးပျမ်းမျှ အများဆုံးနိုင်ငံဖြစ်နေသည်။ အချို့ နိုက်ထရိုဂျင်တို့ကို သိမ်းကိုဖြတ်သန်း လျက် ရရှိခဲ့ခြင်းဖြစ်သည်။ နိုက်ထရို ဂျင်တို့သည် မြေယာစီမံကိန်းလုပ်ကိုင် မှု၊ လယ်ယာစိုက်ပျိုးမှုတို့ကြောင့် မြစ် ထဲသို့ရောက်ရှိလာခဲ့သည်။ လယ်ကို ထွန်ယက်လိုက်သောအခါ ဇီဝဒြပ်တို့ သည် လေနှင့်ထိတွေ့ကာ အောက် ဆိုက်ဖြစ် သွားကြပြီး မိုးရေဖြင့် မြစ်ထဲ သို့ရောက်ရှိလာကြသည်။ စိုက်ပျိုးရေး တွင် အသုံးပြုသော ဓာတုမြေသြဇာ မှ နိုက်ထရိုဂျင် တို့သည်လည်း မြစ် အတွင်းသို့ပင် စီးဝင်လာကြသည်။ ဓာတုမြေသြဇာကို များစွာအသုံးပြုလာ သည့် နှစ်ဆယ်ရာစု စိုက်ပျိုးနည်း သည် နိုက်ထရိုဂျင်ဓာတ်ပေါင်းများစွာ ကို သိမ်းမြစ်ထဲသို့ရောက်စေခဲ့သည်။၁၉၃၉ ခုတွင် စားနပ်ရိက္ခာလုံလောက် စွာရရှိနိုင်ရန် အတွက် မြက်ခင်းများကို စိုက်ပျိုးမြေအဖြစ်သို့ ပြောင်းလဲခဲ့ရာ သိမ်းသို့ နိုက်ထရိုဂျင်များ ပို၍စီးဝင် ခဲ့ရပြန်သည်။ ၁၉၆ဝ-၇ဝ ခုနှစ်များ တွင် ဥရောပဘုံစိုက်ပျိုးရေးမူအရ စိုက် ပျိုးရေးကို တိုးချဲ့ခဲ့ရာ သိမ်းအပါအဝင် မြစ်ချောင်းများသည် နိုက်ထရိုဂျင် ဓာတ်ပေါင်းတို့ဖြင့် ပိုမိုညစ်ညမ်းခဲ့ရ ပြန်သည်။

     သိမ်းအတွင်းသို့ နိုက်ထရိုဂျင် များရောက်ရှိလာရာတွင် ချက်ချင်း ရောက်ရှိလာမှုနှင့် ကာလဆိုင်း ၍ ရောက်ရှိ လာမှုဟု နှစ်ပိုင်းရှိသည်။ မြေ မျက်နှာပြင်ပေါ်တွင် စီးလာသည့်ရေ တွင် လယ်ယာတို့တွင် အသုံးပြု သည့် နိုက်ထရိုဂျင်မြေသြဇာတို့ စီးမျောပါ လာမှုသည်ချက်ချင်းရောက်ရှိလာမှုဖြစ်သည်။ သိမ်းအတွင်း သို့ ရောက်ရှိ လာသော နိုက်ထရိုဂျင်တို့၏ ထက်ဝက်သည် ချက်ချင်းရောက်ရှိလာခြင်းဖြစ်သည်။

         လယ်ယာတွင် အသုံးပြုသော နိုက်ထရိုဂျင်မြေသြဇာအချို့ သည် မြေ အောက်သို့စိမ့်ဝင်ကာ မြေအောက်ရေ အောင်းလွှာ သို့ ရောက်ရှိသွားသည်။ ရေအောင်းလွှာမှ ရေတို့သည် ဆယ်စု ခေတ်ချီ၍ ကြာမြင့်မှသာ မြစ်ချောင်း များသို့ရောက် ရှိလာကြ ရာ ရေအောင်း လွှာများမှ မြစ်ချောင်းများသို့ ရောက် ရှိလာခြင်းသည် ကာလဆိုင်း၍ ရောက်ရှိလာခြင်းဖြစ်သည်။ ရံခါတွင် ဆယ်စုခေတ်သုံးခေတ်ခန့်အထိ ကြာ မြင့်တတ်သည်။ မြေအောက် ရေ အောင်းလွှာမှ ရေတို့တွင် နိုက်ထရို ဂျင်တို့ကို စစ်ဆေးတွေ့ရှိခဲ့ရသည်။ ရေအောင်းလွှာတို့တွင် သိမ်းမြစ်သို့ ရောက်ရှိစေမည့် နိုက်ထရိုဂျင်ဓာတ် ပေါင်းများသည် ယနေ့တိုင်ရှိနေဆဲ ဖြစ်သည်။

          သိမ်းအပါအဝင် ဗြိတိန်၏မြစ် များသည် အညစ်အကြေးအမှိုက်သ ရိုက်စွန့်ပစ်ရာဖြစ်ခဲ့ရသည်။ ကော်ဇော လုပ်ငန်းတို့၏ ဆိုးဆေးရည်များ၊ ကျောက်မီးသွေးမှုန်များ၊ လွှစာမှုန့်များ၊ စပါးခွံများ၊ စက္ကူစက်တို့၏ ဓာတု ပစ္စည်းတို့ဖြင့် ညစ်ညမ်းနေသော ရေ များသည် မြစ်ထဲသို့ရောက်လာကြ သည်။ မြစ်ကမ်းဘေးရှိ မြို့ရွာတို့ သည် စွန့်ပစ်ပစ္စည်းမျိုးစုံတို့ကို မြစ် အတွင်းသို့ နေ့စဉ် စွန့်ပစ်နေကြသည်။ မြစ်ရေများကို စုပ်တင်ကြသည်။ မြစ် ၏သဘာဝရေစီးစနစ်သည် ပျက်ယွင်း ခဲ့ရသည်။

          ဗြိတိန်၏ သဘာဝပတ်ဝန်းကျင် အေဂျင်စီ-Environment Agency- EA သည် သိမ်းအပါအဝင် ဗြိတိန်၏ မြစ် များသန့်ရှင်းရေးကို ထိရောက်စွာ လုပ် ဆောင်ခဲ့သည်။ ဥရောပသမဂ္ဂ၏ တင်းကျပ်သော စည်းကမ်းအရ ဗြိတိန်သည် ၂ဝ၁၅ တွင် ရေအရည် အသွေး၊ မြစ်နှင့်ချောင်းတို့၏ ဂေဟ စနစ်ထိန်းသိမ်းရေး ရည်မှန်းချက်တို့ ကိုပြည့်မီစေရမည်ဖြစ်သည်။ သဘာဝ ပတ်ဝန်းကျင်၊ စားနပ်ရိက္ခာနှင့် ကျေး လက်ဒေသအဖွဲ့-Department for Environment, Food and Rural Affairs- Defra onf EA ၏မြစ်များ သန့်ရှင်းရေးလုပ်ငန်းအတွက် ဘဏ္ဍာ ငွေ ပေါင်သန်း ၁၁ဝ ထုတ်ပေးခဲ့ သည်။ ရေကုမ္ပဏီများ၊ မြစ်ဝန်းကျင် ရှိမြေရှင်များက သိမ်းသန့်ရှင်းရေးတွင် ပါဝင်ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။

          EA သည် သိမ်းမှ ရေထုတ်ယူ သုံးစွဲခွင့်များကို ပြန်လည်စိစစ်ခဲ့သည်။ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေ သည့် ရေစုပ်တင် မှုများကို တားမြစ် ခဲ့သည်။ သိသာစွာလျှော့ချခဲ့သည်။ မြစ်ရေစုပ်တင်မှု လျှော့ချလိုက်သော အခါ ရေစီးပိုမိုကောင်းမွန်လာသည်။  ထရောက် Truot ပိုက်-Pike စသော သဘာဝငါးများ ပြန်လည်ရောက်ရှိ လာကြသည်။ မြစ်သည် ပြန်လည် အသက်ဝင်လာခဲ့သည်။

      EA ၏ ငါးလုပ်ငန်းနှင့် ဇီဝမျိုးစုံ ထွေပြားမှုအကြီးအကဲ ဂေါ့ဖ်ဘိတ်မန် Geoff Batteman  က''မြစ်ဘေးက စက်ရုံကြီးတွေ ကို လျော့ချလိုက်တာ ဟာ သိမ်းကို အကျိုးဖြစ်စေခဲ့တယ်။ တကယ်တော့ မြစ်ကို လုပ်ငန်းတစ် ခုအတွက် အသုံးပြုရမှာမဟုတ်ပါ ဘူး။ အမျိုးမျိုးအသုံးပြုနိုင်ဖို့အတွက် ဂေဟစနစ်နဲ့ ချိန်ညှိပေးဖို့လိုပါတယ်'' ဟုပြောခဲ့သည်။ ထိုသို့လုပ်ဆောင်ပြီး နောက်တွင် သိမ်းသို့ ဆာလ်မွန်များ၊ ဖျံများ၊ စက်မှုဖွံ့ဖြိုးမှုကြောင့် ပျောက် ကွယ်နေသော ငါးများ၊ နို့တိုက် သတ္တဝါများ ပြန်လည်ရောက်ရှိလာ ကြရာ ယခုအခါ ငါမျှားပြိုင်ပွဲများပင် ပြုလုပ်လာနိုင်ခဲ့သည်။

    လွန်ခဲ့သော နှစ်နှစ်ဆယ်တွင် သိမ်းသည် ကျန်းမာမှုအရှိဆုံးအခြေ အနေသို့ရောက်ရှိခဲ့သည်။ အခြားမြစ် တို့သည် လည်း ပြန်လည်ကျန်းမာဖွံ့ ဖြိုးလာခဲ့သည်။ သို့သော် လုပ်ငန်း က မပြီးဆုံးသေးပါ။ ကျန်းမာဖွံ့ဖြိုး လာစေရန် ပြုပြင်ပေး ရမည့်၊ ရေချိုး သန့်စင်ပေးရမည့် မြစ်ကြောင်း မိုင် ၉၅ဝ ကျန်ရှိနေပါသေးသည်။

ဂင်္ဂါမြစ်ကို ရေချိုးကြမည်

          ဂင်္ဂါသည် ဟိမဝန္တာမှ မြစ်ဖျား စ၍ အိန္ဒိယအရှေ့မြောက်သို့ ၁၅၆ဝ မိုင်စီးဆင်းကာ ဘင်္ဂလားဒေ့ရှ်ကို ဖြတ် ၍ ဘင်္ဂလားပင်လယ်အော်သို့ စီးဝင် သည်။ ဂင်္ဂါ၏အဓိကမြစ်ကြောင်း သည် ဘင်္ဂလားဒေ့ရှ်တွင် ပက်ဒမ အမည်ဖြင့် ဘင်္ဂလား ပင်လယ်အော် သို့စီးဝင်သည်။ ဂင်္ဂါသည် နုန်းများ စွာကို သယ်ဆောင်လာမြဲဖြစ်ရာ မြစ် ဝကျွန်းပေါ်သည် နှစ်စဉ်ပင်ကျယ်ပြန့်လာ လျက်ရှိ သည်။ ဂင်္ဂါကို ဟိမဝန္တာ ရေခဲမြစ်များက ဖြည့်ဆည်းပေးလျက် ရှိရာ နှစ်ပတ်လည်ရေကြွယ်ဝစွာရှိနေ သောကြောင့် ၁၂ ရာသီလုံးပင် တူး မြောင်းများဖြင့် ရေသွယ်ယူစိုက်ပျိုး နိုင်ခဲ့သည်။

        ဟိန္ဒူတို့သည် ဂင်္ဂါကို မြင့် မြတ်သော မြစ်ဟုသတ်မှတ်ထား သည်။ သို့သော် ဂင်္ဂါသည် ၁၉၅ဝ ခန့်မှစ၍ မြစ်ကြောင်း တစ်လျှောက်ရှိ မြို့ရွာများက အမှိုက်အမျိုးမျိုးများ၊ အညစ်အကြေးများ၊ စက်ရုံများမှ စွန့် ထုတ်သော ညစ်ညမ်းရေများကြောင့် အကျည်းတန်ရုပ်ဆိုးခဲ့ရ၊ အဆိပ်သင့် ညစ်ညမ်းခဲ့ရသည်။ ဟိန္ဒူတို့သည် သေဆုံးသူတို့ကို မြစ်ကမ်းတွင် မြေ မြုပ်ကြ၊ မီးသဂြုင်္ိဟ်ကြ သည်။ ပြာများ၊ ရုပ်ကလာပ်များကို ရေတွင်မျှောကြ သည်။ ဂင်္ဂါသည် ပို၍ညစ်ညမ်းခဲ့ရ သည်။ ယခင်က စိတ်ချစွာသောက် သုံးနိုင်ခဲ့သော ဂင်္ဂါရေသည် ယခု အဆိပ်သင့်နေပြီ။ ကမ္ဘာပေါ်ရှိ အညစ် ညမ်းဆုံးမြစ်စာရင်းဝင်ဖြစ်ခဲ့ရသည်။ ဂင်္ဂါသည် ဒေါ်လဖင် ၊ ရေချိုလိပ်၊ ဂါရီ ယယ်မိချောင်းတို့အတွက် အန္တရာယ် ရှိသောမြစ်ဖြစ်ခဲ့ရသည်။ အိန္ဒိယအစိုးရ သည် ၁၉၈၆ ခုနှစ်တွင် ဂင်္ဂါသန့် ရှင်းရေးစီမံချက်ချ၍ လုပ်ဆောင်ခဲ့ သော်လည်း အနည်းငယ်သာအောင် မြင်ခဲ့သည်။

          ၂ဝ၁၁ ခု သြဂုတ်လတွင် ဗြိတိန်နိုင်ငံ၊ ဘတ်ရှိုင်းယားမှ သိမ်း အား ရေချိုးသန့်စင်ပေးခဲ့သော ကျွမ်း ကျင်သူတို့သည် ဂင်္ဂါမြစ်အား ရေချိုး သန့်စင်ပေးမည်ဟု ကမ်းလှမ်းလာခဲ့ သည်။ သိမ်းမြစ်အား ပြန်လည်သန့် စင်ရေး အုပ်ထိန်းသူအဖွဲ့ - Thames River Restoration Trust- TRRT ဖြစ်သော သက်ချမ်ထောက်ပံ့ရေးအဖွဲ့ Thatcham Charity  သည် ပေါင် စတာလင်နှစ်သိန်း ထောက်ပံ့ရန် ကတိပြုထားသည်။ TRRT သည် ဂင်္ဂါ၏အရိုင်းသဘာဝကို ကာကွယ် စောင့်ရှောက်ရန်နှင့် အညစ်အကြေး များ မြစ်အတွင်း မစွန့်ပစ်စေရန် အတွက် မြစ်ကမ်းတစ်လျှောက်ရှိ ကျေးရွာများနှင့် ပူးပေါင်းလုပ်ဆောင် မည်ဖြစ်သည်။ TRRT သည် အဆိပ်သင့်ညစ်ညမ်းမှုနှင့် တရားလွန်ငါးဖမ်း မှုတို့ကြောင့် အန္တရာယ်ကျရောက်နေ ရသည့် ရေချိုရေသန့်သဘာဝရင်းမြစ် တို့ကို ကာကွယ်ထိန်းသိမ်းနိုင်မည်ဟု မျှော်လင့်နေသည်။ ဒါရိုက်တာ ရော ဘတ်အုတ်သည် ဂင်္ဂါမြစ်သန့်ရှင်း ရေးစီမံချက်ပြုစုရန်အတွက် အိန္ဒိယ သို့ ကိုယ်တိုင်သွားရောက်ခဲ့သည်။ သူ က ''ဂင်္ဂါဟာ လွန်ခဲ့တဲ့နှစ် ၁၅ဝ တုန်းက သိမ်းမြစ်လိုဖြစ်နေတာပါ။ အစိုးရကလဲ အမှိုက်သန့်စင်ရေးကို လုပ်မပေးနိုင်ဘူး၊ ကျွန်တော်တို့စီမံ ချက်ဟာအဆင်းရဲဆုံး အိန္ဒိယပြည်သူ တွေကို ကူညီနိုင်ပါလိမ့်မယ်''ဟုပြော ခဲ့သည်။

          ဂင်္ဂါတံငါတို့သည် ငါးသေး သေးလေးများမှအပ ငါးမည်မည်ရရ ဖမ်းမရတော့ပေ။ TRRT သည် သူတို့ အတွက် ကြိုးကျစ်လုပ်ငန်း ထူ ထောင်ပေးရန် ကြံစည်ထားသည်။ တံငါများ ငါးဖမ်းစရာမလိုတော့ပါက မြစ်တွင်ငါးနှင့် ငါးစားအရိုင်းသတ္တဝါ များ ပြန်လည်ဖွံ့ဖြိုးလာမည်ဖြစ်သည်။ တံငါအချို့ကို မြစ်ကိုစောင့်ကြပ်ရန် တာဝန်ပေးထားမည်ဖြစ်သည်။ မြစ် ထဲသို့ စွန့် ပစ်နေသော အမှိုက်များ ကို ကမ္ဘာ့ဘဏ်ချေးငွေဖြင့် သန့်စင် ရန် ကြံစည်နေသည်။

          မြို့ကြီးများ၏ အမှိုက်များကို သန့်စင်နိုင်သည့်တိုင် ကျေးရွာများမှ အမှိုက်များကရှိနေသေးသည်။ TRRT သည် ကျေးလက်များဝန်းကျင်တွင် ရေကန်ငယ်များ တူးဖော်ကာ အမှိုက် နှင့် ရေဆိုးတို့ကို သန့်စင်ပေးရန် စီစဉ်နေသည်။ ရွာများတွင် ဂင်္ဂါ ချစ်သူများအဖွဲ့ကို ဖွဲ့စည်းဆောင်ရွက် သွားရန်များ စီစဉ်ထားသည်။ ယခုပင် အဖွဲ့နှစ်ဆယ်ကျော် ဖွဲ့စည်းပြီးပြီဖြစ် သည်။ အိန္ဒိယ၏ ယမုံနာမြစ်သန့်ရှင်း ရေးကိုလည်း ယခုနှစ် ဧပြီလတွင် စတင်ဆောင်ရွက်နေပြီဖြစ်သည်။

          ဧရာဝတီသည် ဂင်္ဂါလောက် မညစ်ညမ်းသေးဟု ထင်မိပါသည်။ မြစ်ကြောင်းတစ်လျှောက်တွင် မြစ် အတွင်းသို့ အညစ်အကြေးများ စည်း ကမ်းမဲ့စွန့်ပစ်မှုကို ထိန်းသိမ်းနိုင်ပါက စီးဆင်းနေသော ဧရာဝတီသည် သန့် စင်လာမည်ဟု ယူဆမိသည်။ မေခ မလိခမြစ်ဖျားမှသည် မြစ်ဝကျွန်းပေါ် အထိ မြစ်အတွင်းသို့ သတ္တုတူးဖော် မှုအဆိပ်များ၊ အညစ်အကြေးများ၊ စက်မှုလုပ်ငန်းအညစ်အကြေးစွန့်ပစ် ပစ္စည်းများ၊ စိုက်ပျိုးရေးစွန့်ပစ်ပစ္စည်း များ၊ မြို့ရွာများမှ အမှိုက်နှင့် ဇီဝစွန့် ပစ်ပစ္စည်းများအား မြစ်အတွင်းသို့ မစွန့်ပစ်ကြရေးကို ထိရောက်စွာ ထိန်းသိမ်းတားမြစ်ကြရပါမည်။ မြစ်ကမ်း တစ်လျှောက်ရှိ မြို့ရွာအသီးသီးတွင် ဧရာဝတီချစ်သူများ အဖွဲ့များဖွဲ့ကာ ဆောင်ရွက်ကြပါရန် အကြံပြုလိုပါ သည်။

          ကျွန်တော်တို့သည် ငယ်စဉ်က ဧရာဝတီရေကို ချိုးခဲ့သောက်ခဲ့ကြ သည်။ ယခု ဧရာဝတီကို ရေချိုးပေး ရပါတော့မည်။ ဧရာဝတီကို ရေချိုး ပေးကြပါစို့ဟု နှိုးဆော်တိုက်တွန်း လိုက်ရပါသည်။

ကြည်ဦးသစ်
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: zaygwet1997@gmail.com Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.