14-12-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
မြန်မာ-အိန္ဒိယချစ်ကြည်ရေး လမ်းမကြီးဖြစ်သည့် ကလေးဝ-တမူးလမ်းပိုင်းရှိ တံတား ၆၉ စင်းကို အိန္ဒိယနိုင်ငံမှ အမေရိကန်ဒေါ်လာ သန်း ၆ဝ အကုန်အကျခံတည်ဆောက်ပေးမည်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1041
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
Special Report
စူပါစစ်သည်တော် သို့မဟုတ် လူစိတ်ကင်းတဲ့ စစ်သည်တွေဖြစ်ကြတော့မှာလား

နည်းပညာတိုးတက်လာသည်နှင့်အမျှ လူသားတို့၏ခန္ဓာကိုယ်ကို သန်စွမ်းမှု၊ ဥာဏ်ရည်ထက်မြက်မှု၊ အာရုံငါးပါး အစွမ်းထက်မှုတို့ကို မြှင့်တင်နိုင်လာသည်။ ယင်းသို့ ဆောင်ရွက်ခြင်းသည် လူသားတိုင်း၏ ရပိုင်ခွင့်ဖြစ်ရမည်ဟု ဆိုလာကြသည်။ သို့သော် အခြေအနေအရပ်ရပ်နှင့် လက်လှမ်းမီနိုင်မှုတို့ကြောင့် လူသားတိုင်းကို ထိုသို့ အဆင့်တိုးမြှင့်ပေးနိုင်မည် မဟုတ်ပေ။ 

ဤနေရာတွင် ကုသမှုနှင့် အဆင့်မြှင့်မှုကို ခွဲခြားသတ်မှတ်ရန် လုပ်လာသည်။ မျက်မှန်၊ မျက်ကပ်မှန်နှင့် တိမ်ခွဲစိတ်ခြင်းတို့သည် အမြင်အာရုံကို ပုံမှန်အနေအထားသို့ ပြန်ရောက်စေရန် ဆောင်ရွက်ခြင်းဖြစ်သဖြင့် အဆင့်မြှင့်သည်ဟု မဆိုသာပေ။ သို့စဉ်တိုင် သာမန်သို့မဟုတ် ပုံမှန်အဆင့်ဆိုသည်ကို သတ်မှတ်ရာတွင် ခက်ခဲနေသည်။

ဦးနှောက်ကို နှိုးဆွပေးသော (Ritalin) သည် အာရုံမစူးစိုက်နိုင်သူ လူနာများ (Attention-Deficit hyperactivity disorder) အတွက် ပေးသော ဆေးဖြစ်သည်။ သို့သော် ထိုဆေးကို ရောဂါမရှိသူများက 'ဦးနှောက်ရွှင်ဆေး' (Smart Drug) အဖြစ် သုံးစွဲနေကြသည်။ အထူးသဖြင့် စာကို ကုန်းကျက်နေကြသော ကျောင်းသားတို့ အသုံးများနေသည်။ ယင်းသို့ အသုံးပြုမှုသည် အငြင်းပွားဖွယ်ဖြစ်သည်။

ဦးနှောက်ရွှင်ဆေးကို သုံးစွဲကြသော ကျောင်းသားများသည် မသုံးစွဲသော ကျောင်းသားများထက် တစ်ပန်းသာသည်။ စာမေးပွဲသည် ခြေရည်တူကစားသော ပွဲမဟုတ်တော့။ စာမေးပွဲသည် ခြေရည်တူ ကစားသော ပွဲမဟုတ်သည်မှာ အတော်ပင်ကြာခဲ့ပြီဟု အချို့က ထောက်ပြကြသည်။ တတ်နိုင်သူများက ကျူရှင်ဆရာ ငှားရမ်းသင်ယူနိုင်သည့်အတွက် ကိုယ့်စရိတ်ကိုယ်ရှာကာ ကျောင်းတက်နေရသူများက တစ်ပန်းရှုံးနေရသည်။

လူအနည်းစုကိုသာ ခန္ဓာဗေဒစွမ်းရည်မြှင့်တင်ပေးခြင်းသည် နဂိုကတည်းက အဆင့်အတန်းညီမျှမှုမရှိသော လူ့အဖွဲ့အစည်းတွင် ကွာဟမှုပိုမိုကြီးမားသွားစေမည် ဖြစ်သဖြင့်ကျင့်ဝတ်နှင့်မညီဟု ကန့်ကွက်သူ အများအပြား ရှိလာသည်။ မည်သည့်ခန္ဓာဗေဒ စွမ်းရည်မြှင့်ခြင်းမဆို လူ့အဖွဲ့အစည်းတစ်ခုလုံး၏ ကောင်းကျိုးကိုသာ ရည်စူးရမည်ဟု ဆိုကြသည်။

ကာကွယ်ဆေးထိုးခြင်းသည် ခန္ဓာကိုယ်၏ ရောဂါခံနိုင်ရည်စွမ်းကို မြှင့်ပေးခြင်းဖြစ်သည်။ ကာကွယ်ဆေးသည် လူ့အဖွဲ့အစည်းတစ်ခုလုံးကို အကျိုးပြုသည်။ နှလုံးခုန်နှုန်းကို လျော့ကျစေသော စိတ်ငြိမ်ဆေး တစ်မျိုးဖြစ်သည့် (Beta Blocker) ကို သုံးစွဲစေခြင်းဖြင့် လူမျိုးဘာသာ ကွဲပြားသူများအကြား တင်းမာမှုလျော့ကျစေနိုင်သည်။ သိုင်းသိုင်းဝိုင်းဝိုင်းနေခြင်းနှင့် သံယောဇဉ်ကို ခိုင်မြဲစေသည့် ဟိုမုန်းဖြစ်သော  (Oxytocin)  (Love Hormone  ဟုလည်းခေါ်သည်) ကို သုံးစွဲကြစေခြင်းဖြင့် လူ့အသိုင်းအဝိုင်းတွင် ချစ်ကြည်မှုတို့ တိုးပွားစေမည်လားဟု စဉ်းစားစရာ ဖြစ်သည်။ 

ဂန္ဓာရုံကို အားကောင်းစေသည့်ဆေးသည် ရေမွှေးစမ်းသပ်သူနှင့် ဝိုင်မြည်းစမ်း သူတို့အတွက် များစွာအ သုံးဝင်မည်ဖြစ်သော်လည်း အညစ်အကြေးသိမ်းသူအတွက် ဒုက္ခရောက်စေမည်။ ထို့ကြောင့် စွမ်းရည်မြှင့်ခြင်းသည် တစ်ယောက်အတွက် အကျိုးရှိစေမည်ဖြစ်သော်လည်း အခြားတစ်ယောက်အတွက် အကျိုးယုတ်စေနိုင်သည်။

ခန္ဓာကိုယ်၏ စွမ်းနိုင်ရည်ကို မြှင့်တင်ရေး သုတေသနများ ဆောင်ရွက်ကြရာတွင် အသိသာဆုံးနှင့် အတိုးတက်ဆုံးမှာ စစ်ရေးနယ်ပယ်တွင် ဖြစ်သည်။ ဖိစီးမှုကို ခံနိုင်ရည်ရှိပြီး မအိပ်မနေ နိုးကြားစေသော ဆေးဝါးများကို စစ်မြေပြင်တွင် စတင်သုံးစွဲနေပြီဖြစ်သည်။ ခြေလက် အင်္ဂါတို့တွင် ပေါင်းစပ်တပ်ဆင်ထားသော ကိရိယာများ (Exoskeletons) ကို စမ်းသပ်နေကြရာ မကြာမီကျယ်ပြန့်စွာ သုံးစွဲလာကြတော့မည်ဖြစ်သည်။

သုတေသနလုပ်ငန်းများတွင် အစဉ်ဦးဆောင်လျက်ရှိသည့် အမေရိကန်သုတေသန ဌာနများသည် ဦးနှောက်ကို လျှပ်စစ်လှိုင်းဖြင့် နှိုးဆွသောနည်းကို သုတေသန ပြုနေသည်။ လျှပ်စစ်လှိုင်းဖြင့် နှိုးဆွထားသော ဦးနှောက်သည် အခက်အခဲပုစ္ဆာများ ဖြေရှင်းရာတွင်လည်းကောင်း၊ အလုပ်သုံးလေးခုကို တစ်ပြိုင်နက်တည်း ဆောင်ရွက်မှုတွင် လည်းကောင်း မြန်ဆန်ကောင်းမွန်သည်ကို စမ်းသပ်မှုများတွင် တွေ့ရသည်။

ခန္ဓာကိုယ်စွမ်းဆောင်နိုင်ရည်  ကိုမြှင့်တင်သည်ထက် လူတို့၏စာနာထောက်ထားမှုကို ဆေးပညာနည်းဖြင့် မြှင့်တင်သင့်သည်ဟု လူမှုနီတိပညာရှင်များက ဆိုပြန်သည်။ အလားတူပင် နိုင်ငံရေးသမားများ၏ စာနာတတ်မှုကို မြှင့်တင်ပေးရန် အရေးတကြီးလိုအပ်နေသည်ဟု ထောက်ပြ ကြသည်များလည်းရှိသည်။

ဆေးပညာဖြင့် စွမ်းဆောင် နိုင်ရည်မြှင့်တင်ခြင်းကို အများက စိတ်သန့်စွာလက်ခံနိုင်ရန် အချိန်ယူရမည်။ ဖန်ပြွန်သန္ဓေသားနည်းပညာ စတင်လာသည့် အချိန်တွင် ကန့်ကွက်မှုများ ပေါ်ပေါက်ခဲ့ဖူးသည်။ ယခုအခါ သူလိုငါလို လုပ်ဆောင်နေကြပြီဖြစ်သည်။ လုပ်သင့်လုပ်ထိုက်သောအရာဟု လက်ခံလာကြသည်။ သန္ဓေတည်စတွင် မျိုးရိုးဗီဇအတွင်းမှ အပြစ်အနာအဆာများကို ဖယ်ရှားသည့်နည်း (Gene Therapy) ဖြင့် အနာရောဂါ လုံးဝကင်းစင်သော အနာဂတ်မျိုးဆက်သစ်များ မွေးဖွားပေးနိုင်သည့် အချိန်မဝေးတော့ပေ။

ပင်တာဂွန် စစ်ဌာနချုပ်၏ ထိပ်တန်းလျှို့ဝှက် စီမံကိန်းဖြစ်သော DARPA (Defense Advanced Research Projects Agency)  ကို ယခုအခါ အတော်အတန်သိလာကြသည်။ စစ်သား၏ မျိုးရိုးဗီဇကို ပြုပြင်ပေးခြင်းဖြင့် စစ်သားများသည် အံ့ဖွယ်သူရဲ စွမ်းဆောင်နိုင်လာမည်ဟုဆိုသည်။ ဥာဏ်ရည်ထက်မြက်ပြီး ရန်သူထက် ပိုမိုသန်စွမ်းမည်။ အိုလံပစ် ရွှေတံဆိပ်ရှင်ထက် ပိုမိုမြန်ဆန်စွာ ပြေးလွှားနိုင်မည်။ ခန္ဓာကိုယ်တွင် ပေါင်းစပ်တပ်ဆင်ပေးထားသော ကိရိယာများကြောင့် မတန်တဆ အလေးကိုမနိုင်မည်။ ရက်ပေါင်းများစွာ မစားမသောက် မအိပ်စက်ဘဲ တိုက်ခိုက်နိုင်မည်။ ပျက်စီးဆုံးရှုံးသွားသော ကိုယ်လက်အင်္ဂါများ နေရာတွင် သစ်ပင်ကဲ့သို့ အင်္ဂါအစိတ်အပိုင်းများ ထွက်လာစေရန်ပြုလုပ်နိုင်မည်ဖြစ်သည်။

အပြင်းအထန် အငြင်းပွားဖွယ် ဖြစ်လာသည်က စစ်သည်၏ ကြောက်ရွံ့မှုအပိုင်းကို ဖယ်ထုတ်လိုက်ခြင်းဖြင့် အကြင်နာတရားကင်းမဲ့သွားခြင်းဖြစ်သည်။ ကြောက်မက်ဖွယ် အကောင်းဆုံးမှာ စစ်သည်၏စိတ်ကို အဝေးမှ ထိန်းချုပ်လျက် တိုက်ခိုက်စေခြင်းဖြစ်သည်။

စစ်သည်၏မှတ်ဥာဏ်ကို ထိန်းချုပ်စေစားနိုင်သည့် သေးငယ်သောချပ်စ်အပြားကို ဦးခေါင်းအတွင်း စိုက်သွင်းထားခြင်းဖြင့် လိုသလို အဝေးမှလှမ်းအမိန့်ပေးနိုင်မည်ဖြစ်သည်။ ထိုချပ်စ်ပြားအတွက် သုတေသနပြုရန် ပင်ဆဲလ်ဗေးနီးယားနှင့် ကာလီဖိုးနီးယား တက္ကသိုလ်များအား ကာကွယ်ရေးဝန်ကြီးဌာနက ဒေါ်လာသန်း ၄ဝ ချထားပေးသည်။ သွေးအလွန်အကျွံ ထွက်နေသော်လည်း ဆက်လက်တိုက်ပွဲဝင်နိုင်မည့် သုတေသနပြုလုပ်ရန် တက္ကဆပ်ရှိ Institute for Preclinical Studies Texas A&M University  အား ဒေါ်လာဆယ်သန်းနီးပါး ချထားပေးသည်။

ဝင်ရိုးစွန်းတွင် တာဝန်ချထားသော စစ်သားများကို ဝင်ရိုးစွန်းဝက်ဝံများကဲ့သို့ ဆောင်းတွင်းကာလတွင် မိန်းမောအိပ်စက် (hibernation)  နိုင်စေရန် ဗီဇကို ပြင်ဆင်သည့်နည်းကို တွေ့ထားသည်။ ရှဥ့်သတ္တဝါ၏ ပန်ကရိယမှ ထုတ်လုပ်သော အင်ဇိုင်းသည် မိန်းမောအိပ်စက်စေသည်။ ရှဥ့်မှ အဆိုပါမျိုးရိုးဗီဇကို ဖြတ်ထုတ်ယူပြီး စစ်သား၏ မျိုးရိုးဗီဇအတွင်း ထည့်သွင်းပေးပါက စစ်သား သည်လည်း အလားတူ မိန်းမောအိပ်စက်နိုင်မည်ဖြစ်သည်။

စစ်သားများ၏ ကာယစွမ်းရည် မြှင့်ပေးရာတွင် အလေးအနက်ထား စဉ်းစားစရာ အချက်များရှိလာသည်။ စစ်ပွဲဆင်နွှဲခြင်းသည် အာဏာ၊ အကျိုးအမြတ်နှင့် နိုင်ငံရေး အသာစီးရမှုတို့အတွက် ဖြစ်သည်။ အုပ်စိုးသူတို့က ပြည်ပအန္တရာယ်မည်မျှ ကြီးမားကြောင်းညွှန်ပြလျက် စစ်ရေးစွမ်းရည် မြှင့်တင်ရေးအတွက် တိုင်းပြည်ဘဏ္ဍာကို  ပုံအောသုံးစွဲသည်။ ဤသည်မှာ သူတို့၏ အကျိုးစီးပွားအတွက်သာဖြစ်ပြီး နောက်ဆက်တွဲဖြစ်ပေါ်လာမည့် ဆိုး ကျိုးများကို ထည့်သွင်းစဉ်းစားခြင်းမရှိ။ တိုင်းသူပြည်သားများ၏ ကျန်းမာရေး၊ ပညာရေး စသည်တို့အတွက် ဘဏ္ဍာငွေ အလုံအလောက်မရှိသော်လည်း စစ်ရေးအတွက် သုံးချင်သလိုသုံးသည်။

လက်နက်ဆန်းများ မည်မျှတီထွင်သည်ဖြစ်စေ ပြိုင်ဘက်ရန်သူက လိုက်လံတီထွင် အမီလိုက်လာနိုင် သည်ကို သမိုင်းက သက်သေပြခဲ့ပြီးဖြစ်သည်။ မျိုးရိုးဗီဇပြုပြင်ခြင်းသည် စစ်ရေးတွင် အသုံးပြုခြင်းမှ အရပ်သားများထံသို့ မလွဲဧကန်ရောက်လာမည်ဖြစ်သည်။ ယင်းသို့ ဖြစ်ပျက်လာသည့်အခါ လူသားများသည် နည်းပညာ အာဏာရှင်တို့၏စေသည့် ကျွန်ထွန်သည့်နွား ဖြစ်လာနိုင်သည်။ သဘာဝက ဖန်တီးပေးထားသည့် လူသားမဟုတ်ဘဲ မျိုးရိုးဗီဇ ပြုပြင်ထားသည့် လူသားသည် မျိုးဆက်ပေါင်းများစွာ ကြာသည့်အခါ မည်သို့သော ဘေးထွက်ဆိုးကျိုးများ ဖြစ်လာမည်ကို မသိနိုင်ပေ။

အမေရိကန် ကာကွယ်ရေးဌာနသည် စစ်သားများ၏ ကာယစွမ်းရည် မြှင့်တင်ရေးအတွက် တစ်နှစ်လျှင် ဒေါ်လာ သန်းလေးရာ သုံးစွဲလျက်ရှိသည်။ အကြီးဆုံး ကာကွယ်ရေးကန်ထရိုက်တာဖြစ်သော လော့ဂ်ဟိဒ် ကုမ္ပဏီသည် ခန္ဓာကိုယ်တွင် ပေါင်းစပ်တပ်ဆင်နိုင်သော ကိရိယာများကို သုတေသနပြုလျက်ရှိသည်။ ကနဦး ပုံစံငယ်အရ ကီလိုတစ်ရာ အလေးချိန်ကို တစ်နာရီဆယ်မိုင်နှုန်းဖြင့် သယ်ယူပြေးလွှားနိုင်သော ကိရိယာဖြစ်သည်။

အာဖဂန်နစ္စတန်တွင် စစ်သားများ၏ ပျမ်းမျှအိပ်ချိန်မှာ ရှစ်နာရီသာရှိသည်။ အိပ်ပျက်ခြင်းသည် တိုက်ခိုက်ရေးစွမ်းရည် များစွာကျ ဆင်းစေသည်။ ထိုမျှသာမက သူတို့ကိုင်တွယ်အသုံးပြုသော ရှုပ်ထွေးများမြောင်လှသည့် ခေတ်မီလက်နက် ကိရိယာကို အသုံးပြုရာတွင်လည်း အမှားအယွင်းများဖြစ်ကာ  အချင်းချင်း မှားယွင်းပစ်ခတ်မှုများ ဖြစ်လာသည်။

ခြေကုန်လက်ပန်းကျမှုကို ပပျောက်စေရန် ကြိုးစားသည်မှာ သမိုင်းတစ်လျှောက်ရှိခဲ့သည်။ ပရပ်ရှားစစ်သားများသည် ကုတ်ကင်း ကိုလည်းကောင်း၊ အင်ကာစစ်သည် များသည် ကိုကိုးအရွက်ကိုလည်းကောင်း အသုံးပြုလျက် စစ်မြေပြင် တွင် နိုးကြားနေစေရန် ကြိုးပမ်းခဲ့ဖူးသည်။ နီကိုတင်း၊ အမ်ဖက်တမင်း၊ ကဖိန်းစသည်တို့ကို သုံးစွဲခြင်းဖြင့် ၄၈ နာရီဆက်တိုက် မအိပ်မနေ အလုပ်လုပ်နိုင်သည်ကိုတွေ့ရသည်။ ဗီယက်နမ်စစ်ပွဲတွင် အမေရိကန် စစ်တပ်သည် အကိုက်အခဲပျောက်ဆေးနှင့် စတီးရွိုက်ဆေးတို့ကို သုံးစွဲလျက် စစ်သားများခံနိုင်ရန်ကို မြှင့်တင်ပေးသည်။

ဗီယက်နမ်စစ်သည် လူ့သမိုင်း၏ 'နောက်ဆုံးမော်ဒန်စစ်ပွဲ' (Last Modern War)  ဟုလည်းကောင်း၊ 'မော်ဒန်ခေတ်လွန် ပထမဆုံးစစ်ပွဲ' (First Postmodern War)ဟု လည်းကောင်း ဝိဂြိုဟ်ပြုကြသည်။ မည်သို့ ပင်ဆိုကြသည်ဖြစ်စေ ဗီယက်နမ်စစ်ပွဲသည် သမားရိုးကျပုံစံမှ ခွဲထွက်လာသည်မှာ သေချာသည်။ သမားရိုးကျ စစ်ပွဲတွင် ရှေ့တန်းစစ်မျက်နှာနှင့် နောက်တန်းဟူ၍ရှိသည်။ ရန်သူက တိုက်ခိုက်ရန် တပ်များကို စုရုံးပြီး သတ်မှတ်ထားသော နယ်မြေကို သိမ်းယူရန်ကြိုးစားသည်။ ဤသည်မှာ သမားရိုးကျစစ်ပွဲ၏ ဝိသေသများဖြစ်သည်။ သို့သော် ဗီယက်နမ်စစ်ပွဲတွင် ထိုသို့သော ဝိသေသများမရှိ။ ထို့ကြောင့် သမားရိုးကျမဟာဗျူဟာနှင့် နည်းဗျူဟာများက အသုံးမဝင်။ ဗီယက်ကောင်းတပ်ဖွဲ့များသည် မမျှော်လင့်သည့်နေရာမှ ပေါ်ပေါက်လာကာ လျှပ်တစ်ပြက်တိုက်ခိုက်ပြီး ပျောက်ကွယ်သွားသည်။ ရှေ့တန်းစစ် မျက်နှာ၊ နောက်တန်းရုံးဆိုသည်မှာမရှိတော့။

ထို့ပြင် ဗီယက်နမ်စစ်ပွဲကို 'ဆေးဝါးစစ်ပွဲ' (Pharmacology War) ဟုလည်း အမည်တပ်ကြသည်။ စစ်၏ သွေးပျက်ဖွယ် အနိဋ္ဌာရုံများကို တွန်းလှန်ရန် မူးယစ်ဆေးအပါဝင် တရားဝင်ထုတ်လုပ်သော စိတ်ငြိမ်ဆေး၊ စိတ်ကြွဆေးများကို အမေရိကန် စစ်သားများသည် အလွန်အကျွံသုံးစွဲခဲ့ကြသည်။ အမေရိကန် စစ်သမိုင်းတွင် မကြုံဖူးခဲ့ပေ။ ဗီယက်နမ် စစ်မြေပြင်သို့ ရောက်လာသော အမေရိကန် စစ်သည် ၃ ဒသမ ၂ ရာခိုင်နှုန်းသည် အမ်ဖက်တာမင်းကို စွဲလမ်းစွာသုံးစွဲ ကြသူများဖြစ်သည်။ စစ်မြေပြင်သို့ရောက်လာပြီး တစ်နှစ်အကြာတွင် အမ်ဖက်တာမင်းကို စွဲစွဲလမ်းလမ်းသုံးစွဲသည့် စစ်သားအရေအတွက်သည် ၅ ဒသမ ၂ ရာခိုင်နှုန်းသို့ တက်လာသည်ကို တွေ့ရသည်။ ယင်းသို့ သုံးစွဲမှုကြောင့် ဆိုးကျိုးဖြစ်ပေါ်လာသည်ကိုတွေ့ရသည်။ အမ်ဖက်တာမင်းသည် လူကို နိုးကြားနေစေရန် လှုံ့ဆော်ပေးသကဲ့သို့ ရန်လိုစိတ်တိုစေရန်လည်း လှုံ့ဆော်သည်။ ဆေး၏ နိုးကြားစေသော အာနိသင် ပျက်ပြယ်သွားပြီးနောက် မည်းမည်းမြင်ရာ လိုက်လံပစ်ခတ်တတ်သည်ကို တွေ့ရသည်။

ဗြိတိသျှ အတွေးအခေါ်ပညာရှင်နစ်လန်း (Nick Land) က ''ဗီယက်နမ်စစ်ပွဲဟာ ဆေးဝါးဗေဒနဲ့ အ ကြမ်းဖက်နည်းပညာတို့ရဲ့ ဆုံမှတ်ဖြစ်ခဲ့ရတယ်''ဟု မှတ်ချက်ချသည်။

အမ်ဖက်တမင်းသည် စစ်သည်တော်များ၏  တိုက်ရည်ခိုက်ရည် မြင့်မားလာစေခြင်း ရှိ-မရှိကို ဒုတိယ ကမ္ဘာစစ်ကာလတွင် သုတေသန အနည်းငယ်ပြုဖူးသည်။

အားကောင်းသော သံလိုက်စက်ကွင်းအတွင်း (Transcranial Magnetic Stimulation) (TMS) ဦးနှောက်ကို သက်ရောက်စေပါက လေ့လာနိုင်စွမ်းနှင့် မြော်မြင်နိုင်စွမ်း အံ့ဖွယ်ရာ မြင့်တက်လာသည်ကို တွေ့ရသည်။ မည် သည့်အတွက် ဤသို့ဖြစ်ရသည်ကို မသိရသေးပေ။ သြစတြေးလျား အာရုံကြောသိပ္ပံပညာရှင် ပါမောက္ခ အယ်လန်စနိုက်ဒါ (Allan Snyder) က ''သံလိုက် စက်ကွင်းက အဆင့်မြင့်တွေးခေါ်ဆင်ခြင်မှုကို ပိတ်လိုက်တဲ့ သဘောပဲ။ အဆင့်မြင့်တွေးခေါ် တွက်ချက်မှုတွေကို ဖယ်ရှားလိုက်တဲ့ အခါမယ် သာမန်ဆင်ခြင်တုံနဲ့တွက် ချက်မှုတွေ အားကောင်းလာတဲ့သဘောပဲ''ဟု သုံးသပ်ပြသည်။ လူ၏ အသိဥာဏ် တိုးတက်မြင့်မားလာသည်နှင့်အမျှ တွေးခေါ်မှု၊ တွက်ချက်မှုတို့မှာ ခက်ခဲရှုပ်ထွေးလာသည်။ ထိုအခါ သာမန်တွေးတောမှုနှင့် တွက်ချက်မှု အရည်အသွေးတို့ ပျောက်ဆုံးကုန်ရသည်။ သံလိုက်စက်ကွင်းသည် ရှုပ်ထွေးနက်နဲသော တွေးခေါ်မှုနှင့်ဆင်ခြင်တုံကို ဖယ်ရှားလိုက်ခြင်းဖြင့် သဘာဝက ပေးအပ်ထားသော ရိုးရှင်းသည့် ဆင်ခြင်တုံကို ဖော်ထုတ်ပေး ခြင်းဖြစ်သည်။

အော့တစ်ဇင် ခံစားနေရသူများကဲ့သို့ မှတ်ဥာဏ်အလွန်အမင်းကောင်းလာခြင်း၊ သာမန်ဆင်ခြင်တုံ မြင့်မားလာခြင်းတို့သည် အားပြင်းသံလိုက်စက်ကွင်း (TMS) ၏ သက်ရောက်မှုဖြစ်သည်။ လာမည့် အနှစ် နှစ်ဆယ်အတွင်း အားပြင်းသံလိုက် စက်ကွင်းကို အသုံးပြုလျက် အမေရိကန် စစ်သည်များ၏ တိုက်ခိုက်စွမ်း ရည်မြင့်မားလာစေမည်ဟု အမေရိ ကန် သိပ္ပံအကယ်ဒမီက ဟောကိန်းထုတ်ထားသည်။

နောက်ဆယ်နှစ်တွင်  (TMS)  စက်များကို ရှေ့တန်းစစ်စခန်းတွင် တပ်ဆင်ရန်နှင့် နောက်အနှစ်နှစ်ဆယ်တွင် စစ်သုံးခမောက်များတွင် တပ်ဆင်နိုင်ရန် ဆွေးနွေးနေကြသည်။ ခေတ်သစ်စစ်သည်များသည် သေနတ်ကို ချိန်ပြီး မောင်းခလုတ် ဆွဲတတ်ရုံမျှနှင့် မလုံလောက်တော့ပေ။ အဆင့်မြင့် နည်းပညာ ကျွမ်းကျင်တတ်မြောက်ထားရန် လိုအပ် လာပြီဖြစ်သည်။ စစ်မြေပြင်သုံး အီလက်ထရွန်နစ် နည်းပညာတတ်မြောက်ထားရန် လေ့ကျင့်မှုများစွာ လိုအပ်လာသည်။

စိတ်ဖိစီးမှုနှင့် အနာတရဖြစ်မှုကို ခံစားမှုမရှိသော၊ ကျင့်ဝတ်နီတိကို လျစ်လျူရှုသော လူသတ်သမားကို ဖန်တီးလိုက်လျှင် စစ်သားကောင်း တစ်ယောက်ရပြီလောဆိုသည့် မေးခွန်းကို ဖြေဆိုရန်မလွယ်ကူပေ။ တိုက် ခိုက်ရေးသမားကောင်းဖြစ်ရန် ခိုင်မာသော သန္နိဌာန်နှင့် သစ္စာအဓိဌာန် မဖြစ်မနေလိုအပ်သည်။ ထိုသို့မဟုတ်ပါက ဗရမ်းပတာ လူသတ်သမားသာလျှင် ဖြစ်သွားလိမ့်မည်။

လူသားပီသမှုကို စစ်သည်ထံမှ ထုတ်နုတ်လိုက်လျှင် စစ်ပွဲတို့သည် ဦးတည်ရာမဲ့ ရက်စက်ကြမ်းကြုတ်သော လူသတ်ပွဲများသာ ဖြစ်နေလိမ့်မည်။ ခရီးရှည်ချီတက်တိုက်ခိုက်မည့်၊ အလစ်ချောင်းမြောင်းတိုက်ခိုက်မည့် စစ်သည်များအား 'ဒက်ထရိုအမ်ဖက် တမင်း' (Detroamphetmine)  ဆေးပြားများကို အမေရိကန်တပ်များက ထုတ်ပေးခဲ့သည်။ ဒက်ထရိုအမ်ဖက်  တမင်း ၂ဝ မီလီဂရမ်သည် စစ်သည်တစ်ယောက် ၄၈ နာရီမျှ နိုးကြားနေ စေသည်။ သို့သော် ၄၈ နာရီအတွက် ၂ဝ မီလီဂရမ်မျှမက ထုတ်ပေးခဲ့သည်ကို စုံစမ်းစစ်ဆေးမှုများမှ ပေါ် ထွက်လာသည်။ လွှတ်တော်ကော်မတီတစ်ရပ်၏ စစ်ဆေးချက်အရ ၁၉၆၆ ခုနှစ်မှ ၁၉၆၉ ခုနှစ်အတွင်း 'ဒက်ထရိုအမ်ဖက်တမင်း' ဆေးပြား  ၂၂၅ သန်း အမေရိကန် စစ်သားများ အား ထုတ်ပေးခဲ့ကြောင်း သိရသည်။ အမ်ဖက်တမင်းကဲ့သို့ အာနိသင်ရှိ သော 'ဘင်ဇက်ဒရင်း'ကို  ဒုတိယ ကမ္ဘာစစ်အတွင်းက အမေရိကန် စစ်တပ်များ သုံးစွဲခဲ့သည်။ တစ်နှစ်တာသုံးစွဲမှု စစ်တမ်းများအရ ရေတပ်စစ်သည်တစ်ဦးလျှင် ၂၁ ပြား၊ လေ တပ်စစ်သည်တစ်ဦးလျင် ၁၈ ပြား၊ နှင့် ကြည်းတပ်စစ်သည်တစ်ဦးလျှင် ၁၄ ပြားပျမ်းမျှ သုံးစွဲခဲ့သည်ဟု သိရသည်။ ဆေးဝါးသည် စစ်သည်၏စိတ်ဓာတ်ကို မြှင့်တင်ပေးရုံမျှမက  ပစ်ခတ်တိုက်ခိုက်မှု၏ အနိဋ္ဌာရုံ စိတ်ဖိစီးမှုကို လျော့ကျစေရန်လည်း ရည်ရွယ်သည်။

တိုက်ပွဲ အခြေအနေတွင် ဆေးဝါးဖြင့် စိတ်ဓာတ်၊ ခံနိုင်ရည်တို့ကို မြှင့်တင်ပေးခြင်းသည် တိုက်ပွဲလွန်ကာလ နောက်ပိုင်း နှစ်ပေါင်းများစွာအထိ စိတ်ပိုင်းဆိုင်ရာ ဆိုးကျိုး သက်ရောက်မှုရှိသည်ကိုတွင် တွေ့လာရသည်။ တိုက်ပွဲ၏ သွေးပျက်ဖွယ် ခံစားရမှုကို ဇွတ်အတင်းဆေးဝါးဖြင့် ဖိသိပ်ချိုးနှိမ် ထားခြင်းသည် နောင်တွင် စိတ်ပိုင်းဆိုင်ရာ ဆိုးရွားသော အကျိုးဆက်ကို ဖြစ်စေသည်။

စိတ်ငြိမ်ဆေးသည် ကာလတိုတစ်ခုအတွင်း စိတ်ကိုထိန်းပေးသည် ဆိုသော်လည်း ရေရှည်တွင် ဆိုးကျိုး သက်ရောက်မှုရှိလာသည်။ စိတ်ငြိမ်ဆေးကို လက်လွတ်စပယ် စည်းကမ်းမဲ့ထုတ်ပေးမှုကြောင့် 'တိုက်ပွဲလွန်ကာလ ဖိစီးမှု' Post-Traumatic Stress disorder(PTSD)  အများအပြား ဖြစ်ပျက်လာသည်ကို တွေ့ရသည်။ ဗီယက်နမ်စစ်ပြန် မည်မျှဖိစီးမှု (PTSD) ခံစားရသည်ကို မသိရသော်လည်း ခန့်မှန်းခြေအရ လေးသိန်းမှ တစ်သန်းခွဲ အထိရှိမည်ဟုဆိုသည်။

နှိပ်စက်မှုကို ခံနိုင်ရည်ရှိသော စစ်သုံ့ပန်းကို သမားရိုးကျမဟုတ်သော နှိပ်စက်နည်းဖြင့် နှိပ်စက်လျှင် လူ့ကျင့်ဝတ်နှင့် ညီညွတ်ပါ၏လော။ ရိုက်နှက်ခြင်း၊ ကျဉ်စက်ဖြင့်တို့ခြင်းကို ခံစားမှုမရှိသော စစ်သုံ့ပန်းကို မည်သို့ စစ်မေးသင့်သနည်းဆိုသော မေးခွန်းများကို အနာဂတ်တွင် မေးမြန်းလာ ကြတော့မည်ဖြစ်သည်။

မြက်စားလျက် တိုက်ပွဲဝင်နိုင်သော၊ စိတ်ချင်းဆက်သွယ် သတင်းပို့နိုင်သော၊ စိတ်ဖိစီးမှုမခံစားရသော၊ အိမ်မြှောင်ကဲ့သို့ နံရံကို တွယ်ကပ်တက်နိုင်သော စစ်သည်ရှိနိုင်ပါမည်လော။ ထိုမေးခွန်းကို ဖြေဆိုနိုင်ရန် သဘာဝတရားကို စောင်းငဲ့ကြည့်ရန် လိုပေမည်။ လင်းပိုင်များသည် မအိပ်စက်ကြ။ ဝင်ရိုးစွန်း စွပ်ဖားဆွဲ ခွေးများသည် တစ်နေ့လုံး မရပ်မနား၊ အစာမစားဘဲ ရေခဲပြင်တွင် အပြေးအလွှား စွပ်ဖားဆွဲနိုင်ကြသည်။ လင်းနို့များသည် ပဲ့တင်သံလမ်းညွှန်မှု (Echolocation) ဖြင့် အမှောင်ထုထဲတွင် ပျံသန်းနိုင်ကြသည်။ ဆိတ်များသည် မည်သည့် အရာကိုမဆို စားသောက်နိုင်ကြသည်။ ယင်းတိရစ္ဆာန်များ၏ ဇီဝကမ္မဖြစ်စဉ်များကို လူသားများထံ ကူးပြောင်းယူနိုင်ရန် အလားအလာရှိနေသည်။

လူသားသည် အခြားသက်ရှိများကဲ့သို့ အကာအကွယ်၊ ကိုယ်ခံအင်္ဂါများနှင့် မွေးဖွားခဲ့သည်မဟုတ်။ တိရစ္ဆာန်များကဲ့သို့ အစွယ်၊ အတောင်ပံ၊ လက်သည်း၊ အပြေးမြန်သော ခြေထောက်၊ အဆိပ်အစရှိသည်တို့ ပါလာသည်မဟုတ်။ လက်ဗလာသက်သက်ဖြင့် မွေးဖွားလာခြင်းဖြစ်သည်။ သို့စဉ်တိုင် လက်နက်ကိရိယာများ တီထွင်လုပ်ကိုင်နိုင်သော ဥာဏ်ရည်ကြောင့် ယခုထက်တိုင် မျိုးမသုဉ်းဘဲ သမိုင်းစဉ်တစ်လျှောက်လိုက်ပါ နိုင်ခဲ့ခြင်းဖြစ်သည်။

ပိုမိုသတိရှိသော၊ ပိုမိုသန်စွမ်းသော၊ အကြမ်းပတမ်းခံနိုင်သော၊ ပတ်ဝန်းကျင်မျိုးစုံတွင် ရှင်သန်လှုပ်ရှားနိုင်သော စစ်သည်များကို ဖန်တီးနိုင်ရန် ကြိုးစားလာခဲ့သည်။ ယင်းသို့ လူသား၏ အရည်အသွေးကို မြှင့်တင်ရာတွင်၊ အာရုံကြောသိပ္ပံ၊ ဇီဝသိပ္ပံ၊ နာနိုနည်းပညာ၊ စက်ရုပ်နည်းပညာ၊ ဥာဏ်ရည်တု စသည်တို့ကို ပေါင်းစပ် သုတေသနပြုသည်။

အားပြိုင်နေကြသော နိုင်ငံများသည် အပြိုင်အဆိုင် စူပါစစ်သည်များ မွေးထုတ်နေကြသည်။ တစ်ဦးက သာသွားလျင် နောက်တစ်ဦးက အမီလိုက်လာမည်သာဖြစ်သည်။ အနုမြူလက်နက်ကို ဒုတိယကမ္ဘာစစ်တွင် အမေရိကန်က တစ်ဦးတည်းပိုင်အဖြစ် အသုံးချနိုင်ခဲ့သော်လည်း ရုရှားအပါအဝင် အခြားနိုင်ငံများက နောက်ပိုင်းတွင် ထုတ်လုပ်ပိုင်ဆိုင်လာနိုင်သည်ကို ထောက်ရှုခြင်းအားဖြင့် စူပါစစ်သည် ဖန်တီးထုတ်လုပ်ရေးတွင်လည်း သူနိုင်ကိုယ်နိုင် အပြိုင် ကြဲကြရင်း စစ်သုံးစရိတ်များ တက်လာသည့် ဒဏ်ကို ပြည်သူများကသာ ခံစားရမည်ဖြစ်သည်။

အေးထွန်းမင်း

[email protected]

Ref: Science debate: Should we embrace an enhanced future?

အေးထွန်းမင်း
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.