14-12-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
မြန်မာ-အိန္ဒိယချစ်ကြည်ရေး လမ်းမကြီးဖြစ်သည့် ကလေးဝ-တမူးလမ်းပိုင်းရှိ တံတား ၆၉ စင်းကို အိန္ဒိယနိုင်ငံမှ အမေရိကန်ဒေါ်လာ သန်း ၆ဝ အကုန်အကျခံတည်ဆောက်ပေးမည်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1041
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
သူ့အတွေး သူ့အမြင်
သူတို့ရှေ့ရေး ဘာလုပ်ပေးမလဲ

၃၉ လမ်းရှိ ဂျာနယ်တိုက်တစ်ခုတွင် ကျွန်တော်အလုပ်လုပ်နေ စဉ်ခိုက် ညနေဘက်ရောက်လျှင် လက်ဖက်ရည်လာလာပို့သော ဆယ်နှစ်ကျော်လောက်ရှိ ကောင်လေးတစ်ယောက်ကို တွေ့ခဲ့သည်။ ကောင်လေးမှာ သွက်လက်ချက်ချာပြီး ရုပ်ကလေးကလည်း ချစ်စရာကောင်းလှ၏။ သူကလမ်းကြားတွင် ဖွင့်ထားသော လက်ဖက်ရည်ဆိုင်လေးမှ စားပွဲထိုးဖြစ်သည်။ လက်ဖက်ရည်ဆိုင်ဆိုသော်လည်း ဆိုင်ခန်းဖွင့်ထားသည်မဟုတ်။ လမ်းဘေးပလက်ဖောင်းပေါ်တွင် စားပွဲချ၊ ခုံတွေချကာ ခင်းထားသော ဆိုင်မျိုးသာဖြစ်သည်။ ဆိုင်မှာထိုင်၍ သောက်သုံးသူများရှိသလို အနီးတစ်ဝိုက်မှ အိမ်များ၊ ဆိုင်များသို့ လိုက်လံပို့ဆောင်ပေးရတာလည်းရှိသည်။

ထိုကလေးကိုတွေ့တိုင်း သီချင်း တအေးအေးဖြင့် အမြဲတက်ကြွနေလေ့ရှိသည်။ တစ်နေ့တော့ ကျွန်တော်တို့ထံ လက်ဖက်ရည်လာပို့စဉ် ကျောင်းနေဖူးလားဟု မေးကြည့်ခဲ့သည်။ မနေဖူးဘူးဟု ပြန်ဖြေသောအခါ ကျွန်တော်အံ့သြသွားခဲ့ရသည်။ လက်ဖက်ရည်ခွက်တွေ ပြန်လာသိမ်းတိုင်း ကျသင့်ငွေကို မမှားမယွင်းတွက် တတ်နေခဲ့သော ကလေးက ကျောင်းမနေဖူးဘူးဟု သိလိုက်ရသဖြင့် မယုံ ကြည်အောင်ဖြစ်ရသည်။ သူ့ဦးနှောက်မှတ်ဥာဏ်က ကောင်းလွန်းနေသဖြင့် စာသင်လျှင် တတ်လွယ်ပြီး ထူးချွန်မည့် ကလေးဟု ယုံကြည်မိသည်။

 ကျွန်တော်တို့ ဂျာနယ်ပိုင်ရှင်၏ ဇနီးမှာလည်း ကျောင်းဆရာမဖြစ်သောကြောင့် ထိုကလေးကို ကျောင်းနေမလားထားပေးမည်ဟု မေးရာမနေလိုဟုဖြေသည်။ ဘာကြောင့်လဲဟု မေးသောအခါ ငွေကုန်၊ အချိန်ကုန်ပြီး အကျိုးမရှိဟုဖြေသည်။ ဘယ်သူပြောလဲဟု မေးတော့ သူ့မိဘက ပြောသည်ဟုဆိုသည်။ သူ့မိဘများ မှာ  ရန်ကုန်နှင့် အနည်းငယ်ကွာဝေးသော ရွာတစ်ရွာတွင် နေထိုင်ကြ သည်။  ရွာမှာနေရသည်ထက် ရန် ကုန်မှာနေရသည်ကိုလည်း ထိုကလေးက ပျော်ရွှင်ဟန်ရှိသည်။ သူက သည်လမ်းကြားလေးထဲက အိမ်များ၊ ဆိုင်များက အရေးတယူပြုမှု ဆက်ဆံသည်ကိုလည်း ပျော်ဟန်ရှိ၏။ ရွာမှာတော့ သူ့ကို ဘယ်သူကမှ အထူးတလည် ဂရုစိုက်ကြဟန်မရှိ။

သို့သော် တစ်ခါတစ်ရံ ဆိုင်ရှင်လင်မယားက ဆူငေါက်သောအခါ၊ ခေါင်းခေါက်၊ ဗိုက်ခေါက်ဆွဲလုပ်သောအခါ မျက်ရည်ကလယ်ကလယ်နှင့် တွေ့ရသည်။ ပြီးတော့လည်း ထိုအ ဖြစ်အပျက်တွေကို မေ့ပျောက်သွားဟန်တူ၏။ သီချင်းတကြော်ကြော်ဖြစ် လာပြန်သည်။

ဤလို ကလေးမျိုးမည်မျှရှိနေပါသလဲ။ လှိုင်သာယာမြို့နယ်ရှိ စက်ရုံ၊ အလုပ်ရုံများတွင် အလုပ်လုပ်နေကြသော ကလေးလုပ်သား ထက်ဝက်ခန့်သည် ၁၃ နှစ်အောက် ကလေးငယ်များဖြစ်ကြပြီး တစ်နေ့အလုပ်အချိန် လေးနာရီသာခိုင်းရမည်ဟု သတ်မှတ်ထားသည့်  ဥပဒေရှိသော်လည်း တစ်နေ့ ရှစ်နာရီကျော်လုပ်ကိုင်နေရ သည်ဟု သတင်းတစ်ပုဒ်ကဆိုသည်။

''သမီးတို့ရွာမှာ စိုက်ပျိုးရေးလည်း မထွန်းကားဘူး၊ မွေးမြူရေးလည်း သိပ်မရှိဘူး။ အရွယ်ရောက်သူ တိုင်းလည်း မလေးရှားတို့၊ ထိုင်းတို့မှာ အလုပ်သွားလုပ်ကြတာ။ ရွာမှာ စက်ချုပ်စားတော့လည်း အပ်ထည်နည်းလို့ ဒီကိုလာတာ''ဟု အမျိုးသမီး ကလေးလုပ်သားတစ်ဦးက ပြောသည်။ လက်ပွေ့ဈေးသည်များ၊ စား သောက်ဆိုင်စားပွဲထိုးများ၊ ပန်းကန်ဆေးများ၊ စက်ရုံလုပ်ငန်းများတွင် ကလေးလုပ်သားများအဖြစ် ဝင်ရောက်လုပ်ကိုင်ရင်း ရုန်းကန်ရှင်သန် နေထိုင်နေကြသည်။ အဆိုးဆုံးမှာ ဆောက်လုပ်ရေးလုပ်ငန်းများတွင် အလုပ်ကြမ်း လုပ်ကိုင်ခြင်းနှင့် အိမ်ဖော်လုပ်ငန်းလုပ်ကိုင်ကြရသော ကလေးများဖြစ်သည်။

''မြန်မာနိုင်ငံမှာ ထုတ်ပြန်ထားတာက အသက် ၁၄ နှစ်အောက်ဆိုရင် လုံးဝခိုင်းစေခွင့်မရှိပါဘူး။ ၁၄ နှစ်အထက် ၁၆ နှစ်ဆိုရင် ကလေးတွေဖြစ်တဲ့အတွက် သူတို့ကိုလည်း လူကြီးတွေနဲ့ တန်းတူလစာပေးရမယ်။ အလုပ်ချိန်ကတော့ တစ်နေ့ လေးနာရီပဲခိုင်းရမယ်ဆိုပြီး ဥပဒေပြဋ္ဌာန်းထားတယ်။ လက်တွေ့မှာတော့ ကလေးတွေက လူကြီးတွေထက်ပိုပြီး အလုပ်လုပ်နေရတယ်''ဟု အနာဂတ်အလင်းတန်းဆုံမှတ် တာဝန်ခံ ဒေါ်သက်သက်အောင်က ပြောခဲ့ သည်။

 မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်၏ အစီရင်ခံစာတွင် ၂ဝ၁၄ ခုနှစ်မှ ၂ဝ၁၆ ခုနှစ်အတွင်း လူ့အခွင့်အရေးတိုင်တန်းချက်ပေါင်း ၃၇၃၇ မှုရှိခဲ့သော်လည်း ကလေးသူငယ်အခွင့်အရေးချိုးဖောက်မှုနှင့်ပတ်သက်၍ တိုင်ကြားမှုများကို လုံးဝမတွေ့ရကြောင်း၊ သို့သော် မြန်မာနိုင်ငံတွင် ကလေးလူငယ်အပေါ်  အကြမ်းဖက်မှုများ၊ လူကုန်ကူးမှု၊ အဓမ္မလုပ်အားစေခိုင်းမှုများအထူးများပြား လွန်းလှကြောင်း လွိုင်ကော်မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ခင်စည်သူက ဆွေးနွေးပြောကြားခဲ့သည်။

 ''သည်လိုဖြစ်နေတဲ့ကြားမှာ အစီရင်ခံစာအရ ကော်မရှင်အပေါ် တိုင်ကြားမှုတွေ နည်းပါးလာတာက ထူးဆန်းလွန်းနေပါတယ်။ ကလေး အခွင့်အရေး ချိုးဖောက်မှုတွေကို တိုင် ကြားသူဘက်က မတိုင်ကြားတာလား။ ကော်မရှင်မှာ ကလေးသူငယ် အခွင့်အရေး ချိုးဖောက်မှုတွေကို အထူးစိတ်ဝင်စားမှုမရှိတာလားဆိုတာ မေးခွန်းပေါ်ပေါက်လာရပါ တယ်။ အကယ်၍ တိုင်ကြားသူက တိုင်ကြားမှုမရှိတဲ့တိုင်အောင် ကလေးသူငယ်အပေါ် အမြတ်ထုတ်ခြင်း၊ အကြမ်းဖက်ခြင်းဆိုတဲ့အကြောင်းအရာဟာ ဆိုးရွားလှတဲ့ ချိုးဖောက်မှုတစ်ရပ်၊ နိုင်ငံနဲ့လူမျိုးအပေါ် ကြီးမားတဲ့သက်ရောက်မှုတွေဖြစ်ပေါ်စေတဲ့ အ ကြောင်းအရာတစ်ခုဖြစ်ပါတယ်''ဟု ဒေါက်တာခင်စည်သူက ဆက်လက် ပြောကြားသည်။

နာဂစ်မုန်တိုင်းကဲ့သို့ သဘာဝဘေးအန္တရာယ်က နှိပ်စက်မှုကြောင့်လည်းကောင်း၊ ပြည်တွင်းစစ် အန္တရာယ်ကြောင့်လည်းကောင်း၊ ဆင်းရဲနွမ်းပါးမှုကြောင့်လည်းကောင်း၊ အစရှိသဖြင့် အကြောင်းကြောင်းသော အကြောင်းတွေကြောင့် မိမိ ဒေသကို စွန့်ခွာကာ မြို့ပြကို တိုးဝင်လာခဲ့ကြသူများ၊ လူကုန်ကူးသမားတို့၏  မဲဆွယ်မှုမက်လုံးများကို ယုံစားခဲ့ ကြသူများကြောင့် ကလေးလုပ်သား များ မြို့ပေါ်တွင် များပြားလာခဲ့ကြသည်။ အချို့လည်း အဆင်ပြေကြသလို အချို့လည်း လုပ်အားခေါင်းပုံ ဖြတ်ခံရခြင်း၊ နှိပ်စက်အကြမ်းဖက်ခံရခြင်းနှင့် ကြုံဆုံကြရသည်။ သို့သော် မိသားစု စားဝတ်နေရေးအတွက်ရောက်ရာ၊ ကြုံရာဘဝက ရုန်းမထွက်နိုင်ကြသလို အလုပ်ထွက်ကြရမည်စိုးခြင်း၊ ခြိမ်းခြောက်ခံရခြင်း၊ အခွင့်အ ရေးမရခြင်းတို့ကြောင့် တိုင်တန်းမှု မပြုကြခြင်းဖြစ်သည်။

အဆိုးဆုံးမှာ မိဘအုပ်ထိန်းသူတို့က လုပ်အားခကို နှစ်နှင့်ချီကာ ကြိုတင်ယူထားလိုက်ကြသဖြင့် ရုန်းမထွက်သာ၊ မဆန့်ကျင်သာဖြစ်ကြရခြင်းဖြစ်၏။ ဤသည်ကိုပင် အခွင့်အရေးယူကာ အကြမ်းဖက် နှိပ်စက်ခြင်း၊ လိင်မှုကျူးလွန်ခြင်း၊ မတန်တဆ ခိုင်းစေခြင်းများကို ငွေရှင်၊ အလုပ်ရှင်က ကျင့်သုံးလာကြသည်။

အဓိက အချက်မှာ ဆင်းရဲမွဲတေမှု ပြဿနာဖြစ်သည်။ လယ်ယာလုပ်ငန်းများ အကြောင်းအမျိုးမျိုးကြောင့် တိမ်ကောလာသည်။ အရွယ်ရောက် သားသမီးရှိသူတွေက သားသမီးများကို ပြည်ပသို့ပို့ကာ အလုပ်လုပ်စေသည်။ ကုန်ကျစရိတ်အတွက် လယ်ပေါင်၊ အိမ်ပေါင်၊ မြေပေါင်၊ ခြံပေါင်၊ အတိုးကြီးချေးငွေများယူကာ ဖြေရှင်းခဲ့သော်လည်း အဆင်မပြေမှုများ၊ လိမ်ညာလှည့်စားခံရမှုများကြောင့် ဘဝပျက်ခဲ့ကြရသော မိသားစုများလည်း မရေတွက်နိုင် အောင်ရှိကြသည်။

အရွယ်ရောက် သားသမီးမရှိသော မိဘများကတော့ မိမိတို့၏ သားသမီးများကို ကလေးလုပ်သားအဖြစ် မြို့ပြများသို့ သွားရောက်လုပ် ဆောင်စေကြသည်။ လက်ဖက်ရည် ဆိုင်စားပွဲထိုးအဖြစ်အများဆုံး လုပ်ကိုင်ကြသည်။

သည်မှ အဆင်မပြေ၍ ထွက်ပြေးကာ နေရပ်လည်းမပြန်ဘဲ လေလွင့်ပျက်စီးသွားသော ကလေးငယ်များလည်း အများအပြား ရှိကြလေသည်။ မိန်းကလေးများမှာတော့ အိမ်ဖော်လုပ်ကြတာများသည်။ ပြင်ပထွက်ခွင့်မရဘဲ အိမ်တွင်းမှာ နေထိုင်ကြရပြီး အိမ် တွင်းအကြမ်းဖက်မှုများကို ခံကြရသည်။

ကလေးတိုင်း ပညာသင်ခွင့်ဟူသော အဆင့်က အဆင့်ကျော်လွန်း သည်ဟု ဆိုရမည်။ လောလောဆယ်တွင် ကလေးလုပ်သားများ၏ အခွင့် အရေးအပြည့်အဝရရှိရေး၊ ဘဝလုံခြုံရေး၊ ထိုက်သင့်သော လုပ်ခနှင့် မျှတသော အလုပ်ချိန်ရရှိရေး စသောကိစ္စများကို မဖြစ်မနေ စီမံပေးဖို့ လိုအပ်နေပါပြီ။ ကလေးလုပ်သား မထားရဟု ယတိပြတ် တားမြစ်ရန်ကား လွယ်ကူမည်မဟုတ်ပါ။ သူတို့ ၏ လုပ်အားခသည် သူတို့မိသားစု စားဝတ်နေရေးအတွက် မရှိမဖြစ်လို အပ်နေသေးသောကြောင့်ပင် ဖြစ်ပါသတည်း။

ဝါဆိုကိုဦး (တောင်ကြီး)

ဝါဆိုကိုဦး (တောင်ကြီး)
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.