24-8-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
၂ဝ၁၇ ခုနှစ် ဧပြီလ ၁ ရက်နေ့မှ သြဂုတ်လ ၃ ရက်နေ့အထိ လေးလတာကာလအတွင်း တာချီလိတ်နယ်စပ်ဝင်ပေါက်မှ နိုင်ငံတကာ ခရီးသွားဧည့်သည်ရှစ်ထောင့်ငါးရာကျော်ဝင်ရောက်လည်ပတ်ခဲ့
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1025
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
သူ့အတွေး သူ့အမြင်
အမြင့်ဆုံးထိပ်ဖျားကို ရောက်ရှိဖို့ အောက်ဆုံးလှေကားထစ်က စတက်ပါ

စီးပွားရေး ကမ္ဘာလောကထဲမှာ အတော်ဆုံး၊ အထူးချွန်ဆုံးလို့ သတ် မှတ်ခံထားရတဲ့ ဒက်စ်တာရာဂါဟာ သာမန်အရောင်းဈေးသည်ဘဝကနေ အအောင်မြင်ဆုံး သန်းကြွယ်သူဌေးကြီးဖြစ်လာသူဖြစ်ပါတယ်။ သူဟာ မိခင်ဖြစ်သူရဲ့ ဆုံးမစကားကို မြေဝယ်မကျ နားထောင်တဲ့ လူငယ်၊ လူလိမ္မာ လေးလည်း ဖြစ်ခဲ့ပါတယ်။

သူဟာ လူလားမြောက်စ အရွယ်ရောက်ပြီဆိုတာနဲ့ စီးပွားရေးကို စိတ်ပါဝင်စားလာခဲ့ပါတယ်။ စီးပွားရေး လုပ်ဆောင်ရာမှာလည်း အခစားထက် ကိုယ်ပိုင်စီးပွားရေးကိုပဲ လုပ်ချင်စိတ်ရှိနေခဲ့ပါတယ်။

''သားရေ-ငါ့သား၊ မင်းအလုပ် လုပ်ချင်လည်းလုပ်ပါ။ ဒါပေမယ့် သူများဆီမှာတော့ အခစားဝင်မလုပ်ချင်ပါနဲ့။ ကိုယ်တိုင်ဦးဆောင်နိုင်တဲ့ ကိုယ်ပိုင်အလုပ်မျိုးပဲလုပ်ပါ'' လို့လည်း သူ့ မိခင်က မကြာခဏ ပြောဆိုဆုံးမလေ့ ရှိပါတယ်။

သူ့မိခင်ရဲ့ စကားက သူ့အသည်းနှလုံးထဲမှာ သံမှိုနှက်သလို စွဲမြဲခဲ့ပါတယ်။ ကြာလေလေကိုယ်ပိုင် စီးပွားရေးလုပ်ချင်တဲ့ စိတ်ဓာတ်ပြဋ္ဌာန်းမှုက ပိုပြီး ခိုင်မာလာလေလေပါပဲ။ ဒီလိုနဲ့ သူဟာ ခြောက်တန်းကျောင်းသားဘဝမှာပဲ ကိုယ်ပိုင်စီးပွားရေး တစ်ခုမဖြစ်မနေလုပ်မယ်ဆိုတဲ့ အိပ်မက်ကို စွဲစွဲမြဲမြဲမက်ခဲ့ပါတယ်။ အိပ်မက်ကို မဖြစ်မနေအကောင်အထည်ဖော်ဖို့လည်း ဆုံးဖြတ်ချက်ချ မှတ်ခဲ့ပါတယ်။

သူ့ရဲ့ ပထမဦးဆုံး အလုပ်ကတော့ ဆိုဒါပုလင်းဟောင်းတွေကို ရှာ  ဖွေဝယ်ယူပြီးဆောက်လုပ်ရေး အလုပ်သမားတွေဆီကို ပြန်ရောင်းတဲ့ အလုပ်ပါပဲ။ ပုလင်းရဲ့ ဝယ်ဈေးက ပြားဂဏန်းမျှတန်ဖိုးရှိပြီး ရောင်းဈေးကတော့ ကျပ်ရရှိပါတယ်။ ဒီလိုနဲ့ သူ့ရဲ့ပထမဦးဆုံးကိုယ်ပိုင် အလုပ်အဖြစ် ဆိုဒါပုလင်း ဖြန့်ချိသူဖြစ်လာရပါတယ်။ သူ့ရဲ့ အကြံအစည်ကတော့ အလုပ်လုပ်ရင်း မောပန်းနေတဲ့ အလုပ်သမားတွေအတွက် အမောပြေစရာ သောက်ရေအေးအေးလေး လိုအပ်လိမ့်မယ်ဆိုတာကို တွက်ဆမိလို့ပါပဲ။ အိမ်ကရေခဲသေတ္တာထဲက ရေခဲတချို့ယူပြီး ရေခဲရေအေးအေးလေး ရောင်းချခဲ့ပါတယ်။ သိပ်ကို ရိုးရှင်းလွယ်ကူတဲ့ လုပ်နည်းလုပ်ဟန်ကလေးပါ။

သိပ်မကြာပါဘူး။ သူ့ရဲ့ အသေးစား ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းလေးက အောင်မြင်လာပါတယ်။ သိသိသာသာကိုပဲ အောင်မြင်လာတာပါ။ ဒီလိုနဲ့ သူဟာ ဆိုဒါပုလင်းတွေကို နည်းနည်းချင်းဝယ်လိုက်၊ ပြန်ရောင်းလိုက်လုပ်နေရာကနေ ဆိုဒါပုလင်းတွေကို သေတ္တာလိုက်ဝယ်ပြီး ပြန်ရောင်းတဲ့အတွက် ငွေပိုငွေလျှံလေး တော်တော် စုမိလာခဲ့ပါတယ်။ ထုံးစံအတိုင်းပဲ လူဆိုတာ ကိုယ်တိုင် ဦးနှောက်ကသုံးပြီး ဖောက်ထွက် စဉ်း စားတွေးခေါ် လုပ်ဆောင်နိုင်စွမ်းမရှိပဲ နေချင်နေမယ်။ သူများလုပ်လို့ အောင်မြင်ရင်တော့ နောက်ကလိုက်လုပ်တတ်ကြ၊ သူများတူးထားတဲ့ ရေတွင်း ရေကြည်ထွက်တာနဲ့ ခူးခပ်သုံး ဆောင်ချင်ကြတာ ဓမ္မတာပါပဲ။

သူလုပ်ငန်းလေးလည်း အောင်မြင်လို့ အရှိန်ကလေးရမယ်ကြံကာ ရှိပါသေးတယ်။ သူ့လိုလိုက်ပြီး အတုယူ ရောင်းချတဲ့ လုပ်ငန်းတူပြိုင်ဘက်တွေ ပေါ်လာပါတော့တယ်။ သူ့ ခမျာ လုပ်မလုပ်ရသေးဘူး။ ပြိုင်ဘက်တွေနဲ့ ရင်ဆိုင်ရတော့တာပါပဲ။

ဒါဟာ သူ့အတွက် ပထမဆုံးသင်ခန်းစာပါပဲ။ ဒါဟာ သူ့အတွက် တစ်ဘဝစာ ဆောင်ပုဒ်ဖြစ်သလို သူ့ရဲ့ ပထမဆုံးစာအုပ်ရဲ့ အမည်လည်း ဖြစ်လာခဲ့ပါတယ်။ အဲဒါက တော့ ''ကိုယ့်အိပ်မက်တွေကို သူတစ် ပါး မသိပါစေနဲ့''

တကယ်တော့ သူ့ခမျာ ခြောက်တန်းကျောင်းသား ကလေးမျှအရွယ် သာရှိပါသေးတယ်။ ဒါပေမယ့် သူ့အိပ်မက်တွေကို ခိုးယူရောင်းစားတာ ခံလိုက်ရပါပြီ။ တကယ်တော့ သူ့ကိုကလေးတစ်ယောက်အနေနဲ့ ဒီလိုလုပ်နိုင်စွမ်းလိမ့်မယ်လို့ ဘယ်သူမှ ထင်မှတ်မထားကြဘူးလေ။ ဒီလို ချာတိတ်တစ်ယောက်က လူကြီးတွေနဲ့ပြိုင်ပြီး စီးပွားရေး လုပ်လိမ့်မယ်လို့လည်း တွက်ဆမိကြပုံမပေါ်ပါဘူး။ ရာဂါဟာ ကလေးမျှသာရှိပါသေးတယ်။ ဒါပေမယ့် သူ့မှာ ခိုင်မာထက်မြက်တဲ့ စိတ်ဓာတ်တော့ ရှိနေခဲ့ပါပြီ။ အဲဒါကတော့ သူ့ရဲ့ ကိုယ်ပိုင်အိပ် မက်အတွက် တိုက်ပွဲဝင်မယ်ဆိုတာပါ ပဲ။

အဲဒီကလေးမှာ ကြီးမားတဲ့ ဘဝပေးသင်ခန်းစာ တစ်ခုကိုလည်း နားလည် သဘောပေါက်ခဲ့ပါတော့တယ်။ အဲဒါကတော့-

''သင့်မှာ တစ်စုံတစ်ရာ အိပ်မက်ရှိရင် အဲဒီအိပ်မက်တွေကို အ ကောင်အထည်ဖော်ပါ။ လျှော်မပစ် ပါနဲ့၊ တိုက်ပွဲမဝင်ပဲလည်း အရှုံးမပေးပါနဲ့''

သူ့မှာ အခြေခံအကျဆုံး အောက်သက်ကြေရမယ့် အဆင့်မှာပဲ ဒီလို သင်ခန်းစာမျိုးကို ကောင်းကောင်းကြီးရရှိခဲ့ပြီး ဖြစ်ပါတယ်။ သူ့ရဲ့ဘဝမှာ နေ့စဉ်သုံးဆောင်ပုဒ်အဖြစ် ဒီသင်ခန်းစာကို ယနေ့တိုင် လက်ကိုင်ထားနေဆဲပါပဲ။

       ''အမြင့်ဆုံး ထိပ်ဖျားဆီရောက်ရှိဖို့ အောက်ဆုံးလှေကားထစ်မှ စတက်ပါ''

 အောင်မြင်ခြင်းဟာ ကံကောင်းခြင်း မဟုတ်ပါ။ ကံကောင်းထောက်မလို့ ထီဆုကြီးပေါက်ခဲ့ဖူးတဲ့ လူတွေ ခုနေအခါမှာ ကုန်းကောက်စရာမရှိအောင် မွဲတေနေတာမျိုး သင်တွေ့ဖူးပါသလား။ သူတို့ကို ချမ်းသာမလားဆိုပြီး ငွေကြေးဥစ္စာဓနပေးလိုက ပေးနိုင်ပါတယ်။ ဒါပေမယ့် သူတို့ဟာ ငွေကြေးဥစ္စာဓနကို ဘယ်နည်းဘယ်ပုံ သုံးစွဲရကောင်းမှန်းမသိကြပါ။

ချမ်းသာချင်လွန်းလို့ ကချင်ပြည်နယ်၊ ဖားကန့်တို့၊ စိုင်းတောင်တို့သွားပြီး ကျောက်တူးကြတဲ့ သူတွေအပုံပါ။ တစ်သိန်းတစ်ယောက်၊ တစ်သန်းတစ် ယောက်လောက် ပွပေါက်တိုးတာကို ထင်သာမြင်သာရှိကြပေမယ့်၊ ကျန်တဲ့ လူပေါင်းထောင်သောင်းမကများစွာ ဘဝပျက်ခဲ့ကြတာ၊ လောင်းကစားစွဲ၊ ဖိုးစွဲ၊ အရက်စွဲ၊ အစွဲမျိုးစုံနဲ့ ပျက်စီးခဲ့ကြတာ ရေနစ်၊ မြေပြို၊ မိုင်းထိ၊ ငှက်ဖျားမိလို့ အသက်ဆုံးရှုံးခဲ့ကြတာ၊ ဒါတွေကိုတော့ လောဘသားတွေ မမြင်နိုင်ကြပါ။

ကျွန်တော့်တို့ မန္တလေးသား မိတ်ဆွေတစ်ယောက်ဟာ အများယူဆသလို ပြောရရင် ကံကောင်းလို့ ပွပေါက်တိုးခဲ့ဖူးပါတယ်။ သူက သာမန် ကျောက်သွေးကျောက်ဖြတ်သမားပါ။ တရုတ်သူဌေးကဝယ်ပြီး သူ့ဆီက ဖြတ်ခိုင်းပါတယ်။ ဘာမှမရလို့ဆိုပြီး လက်လျှော့ပြန်သွားပါတယ်။ ကျောက်တုံးထက်ခြမ်းကိုပဲ မအောင်ဖူးဆိုပြီး ထားပစ်ခဲ့ပါတယ်။ အဲဒီလော ပန်ပစ်ထားခဲ့တဲ့ ကျောက်တုံးကိုပဲ တခြားတစ်နေရာက ခွဲစိတ်လိုက်တော့ ကျောက်အောင်ပြီး သိန်းပေါင်းရာထောင်ချီ ပွပေါက်တိုးခဲ့ပါတယ်။

 ငွေတွေ အစုလိုက်အပြုံလိုက် ဝင်လာပြီဆိုတော့ ဘာပြောကောင်းမလဲ၊ ပိန်ပိန်မည်းမည်း သမီးဖြစ်သူကိုလည်း လူနဲ့မလိုက်အောင် ဆွဲကြိုးတွေ၊ လက်ကောက်တွေ၊ ခြေကျင်း တွေပါမကျန် ရွှေတွေ ညွှတ်နေအောင် ဆင်လိုက်တယ်။ ကိုယ်ပိုင်ကားလည်း ဝယ်စီးတယ်။ လိုင်းကားနှစ်စီးလောက်လည်းဝယ်ပြီး ထောင် လိုက်တယ်။ တိုက်တွေနှစ်လုံးသုံးလုံး ဝယ်ထားတယ်။ သားမက်ကိုလည်း ကားမောင်းသင်ပေးပြီးကားမောင်းခိုင်းတယ်။ အုံနာလုပ်ခိုင်းတယ်။ ၁၉၉ဝ လောက်ကဆိုတော့ ငွေတန်ဖိုးက လည်းရှိသေးတယ်လေ။ မြေတန်ဖိုးကလည်း ဒါလောက်မရှိသေးဘူး။ ဒါပေမယ့် သူတို့မိသားစုရဲ့ လက်ရှိအခြေအနေက ကိုယ်ပိုင်အိမ်မြေ တောင်မရှိဘဲ ကျူးကျော်တဲနဲ့ နေရတယ်။ သားမက်ဖြစ်သူခမျာလည်း ဆိုင်ကယ်လေးတစ်စင်းနဲ့ တက္ကစီဆွဲနေရတယ်။

သူကိုယ်တိုင်လည်း ကျောက်ခုံလေး ထောင်ပြီး သူများကျောက်ကိုပဲ အခစားနဲ့ ဖြတ်သွေး ပေးနေရတယ်။

ကဲ-ပြောပါဦး၊ ကံကောင်းတယ်ဆို တာ ဘယ်ဟာလဲ။

သူတို့ဟာ ထိပ်တန်းကို ရောက်ရှိခဲ့ကြပေမယ့် အောက်သက်မကြေကြပါ။ အောက်ခြေကစပြီး ပညာမယူနိုင်ခဲ့ကြပါ။ သူတို့ရဲ့ သာမန်အောင်မြင်မှုလေးဟာ အခြေခံကောင်းဖြစ်တဲ့ အတွေ့အကြုံနဲ့ ပညာဗဟုသုတအပေါ်မှာ အခြေမခံနိုင်ခဲ့လို့ ဒုံရင်းဒုံရင်း ဘဝထဲမှာပင် ပြန်ရောက်ရှိခဲ့ ကြရတာဖြစ်ပါတယ်။

ဒါကြောင့် ဘဝအောင်မြင်မှုရဲ့ ထိပ်ဆုံးကိုရောက်ရှိဖို့ သင်ခန်းစာများကို ကျွန်တော်တို့ မှတ်သားလေ့လာရပါမယ်။ မိမိတို့ရဲ့ အိပ်မက်ကို အကောင်အထည်ဖော်ဆောင်ရာမှာ တွေ့ကြုံရတဲ့ အတွေ့အကြုံထဲက သင် ခန်းစာတွေကို သင်ခန်းစာအဖြစ် မှတ်ယူရပါမယ်။ အောင်မြင်တဲ့အခါ တွေရှိသလို၊ ရှုံးနိမ့်တဲ့အခါတွေလည်းရှိမှာ အမှန်ပဲဖြစ်ပါတယ်။ အောင်မြင်မှုနဲ့ ရှုံးနိမ့်မှုဆိုတာ ဒင်္ဂါးတစ်ပြားရဲ့ ခေါင်းနဲ့ပန်းလို ကျောခြင်းကပ်နေတဲ့ ညီနောင်ဖြစ်ပါတယ်။ ရှုံးနိမ့်မှုထဲက သင်ခန်းစာယူပြီး အောင်မြင်မှုကို ဆွတ်ခူးရမှာဖြစ်ပါတယ်။

ဒါကြောင့် အောင်မြင်မှုကို အလိုရှိတဲ့လူတိုင်းဟာ မိမိမအောင် မြင်ခင်မှာ အောင်မြင်မှုသရဖူဆောင်း ထားသူတွေရဲ့ ဘဝကိုအောက်ခြေကစပြီး လေ့လာမှတ်ထားကြရပါမယ်။ သင်ခန်းစာယူသင့်တာကိုယူပြီး ထိပ်ဆုံးဆီပို့ဆောင်ခဲ့တဲ့ အကြောင်းတရားတွေကို သေချာပေါက် အတုယူလေ့လာ ကျင့်ကြံလိုက်နာရင်း မိမိဘဝအတွက် အိပ်မက်တွေကို ဆက်ပြီးဆက်ပြီး ဖော်ဆောင်အ ကောင်အထည်ဖော်ကြရပါလိမ့်မည်။

အောင်သစ်

အောင်သစ်
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.