24-8-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
၂ဝ၁၇ ခုနှစ် ဧပြီလ ၁ ရက်နေ့မှ သြဂုတ်လ ၃ ရက်နေ့အထိ လေးလတာကာလအတွင်း တာချီလိတ်နယ်စပ်ဝင်ပေါက်မှ နိုင်ငံတကာ ခရီးသွားဧည့်သည်ရှစ်ထောင့်ငါးရာကျော်ဝင်ရောက်လည်ပတ်ခဲ့
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1025
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
သူ့အတွေး သူ့အမြင်
အီကွေတာမှ အိုအေစစ်သို့

အခုတလော မိုးအေးအေးနဲ့ဆိုတော့ တွေးစရာ၊ လွမ်းစရာ၊ ရေးစရာလေးတွေ ပေါ်ထွက်လာပါတယ်။ အထူးသဖြင့် လူသားတစ်ဦးနဲ့တစ်ဦး ထားကြရတဲ့ မေတ္တာတွေ၊ ကရုဏာတွေအကြောင်းဖြစ်ပါတယ်။

ကျွန်မ သိမ်းထားတဲ့ စာလေးတစ်စောင် စာအုပ်ကြားက ထွက်လာပါတယ်။ ကြာတော့ ခေါက်ရိုးလေးတွေ ပြဲထွက်ကုန်ပါတယ်။ တိပ်နဲ့ကပ်ပြီးတော့  ဖတ်ကြည့်ရင်းမှာပဲ စာရေးတဲ့သူ အကြောင်းတွေ အစီအရီပေါ်လာပါတယ်။ မေ (ခေါ်) ခင်ယု မေ ဖြစ်ပါတယ်။

သူလူ့လောကကြီးထဲမှာ မရှိတော့တာ သုံးနှစ်ကျော်သွားပါပြီ။ ကျွန်မနဲ့ ရွယ်တူပါ။ အသက်ကြီးမှ ခင်လာကြတယ်။ မင်းသမီးဘဝတုန်းက ကြိုက်နှစ်သက်ခဲ့တာသာရှိပြီး မသိကျွမ်းခဲ့ပါ။ သူ့ရဲ့နောက်ဆုံး အချိန်တွေက အထီးကျန်ပြီး သနား စရာကောင်းပါတယ်။ ကင်ဆာသုံးကြိမ်ပြန်ဖြစ်ပါတယ်။ သူကတော့ သတ္တိရှိရှိ ကျော်ဖြတ်သွားခဲ့ပါတယ်။

တစ်နေ့မှာတော့ သူဆိုထားတဲ့ သီချင်းတွေကို ကက်ဆက်ခွေနဲ့သွင်းပြီး ကျွန်မဆီပို့လိုက်ရာမှာ စာလေးတစ်စောင်ရေးပေးလိုက်ပါတယ်။ ၂ဝဝ၇ ခုနှစ်က ဖြစ်ပါတယ်။

 

၆-၄-ဝ၇

ချစ်တဲ့ အစောရေ

 ကောင်းနိုးရာရာ သီချင်းလေးတွေရွေးပြီး ကူးပေးလိုက်ပါတယ်။ အစောနှစ်သက်ပါစေလို့ ဆုတောင်း လိုက်ပါတယ်။

'ကမ္ဘာ့လူသားအလှ'ဆိုတဲ့ သီချင်းလေးက Master ခွေပျောက်နေလို့ အိမ်မှာ သီချင်းတိုက်ရင်း စန္ဒရားတစ်ခုတည်းနဲ့ သွင်းထားတာကိုပဲ သီချင်းရဲ့ စာသားလေးကို ခံစားရအောင် ထည့်ပေးလိုက်တာမို့ အတီးကတော့ မစုံဘူးပေါ့။

သီချင်းလေးရဲ့ အဓိပ္ပာယ်ကတော့ ကမ္ဘာပေါ်မှာရှိတဲ့ လူသားအား လုံးရဲ့ အလှတရား အစစ်အမှန်ဆိုတာ တစ်ဦးအပေါ်တစ်ဦးထားရှိတဲ့ မေတ္တာစစ်မေတ္တာမှန်နဲ့ ချစ်ခြင်းသည်သာ တကယ့်လူသားတိုင်းရဲ့ အလှ တရားဖြစ်ပါတယ်။ ဒီလိုမေတ္တာမျိုး တွေသာ ကမ္ဘာ့လူသားတွေမှာ မရှိဘူးဆိုရင် အီကွေတာမျဉ်းကြောင်းပေါ်မှာ ရောက်နေတဲ့ လူတွေလိုပဲ ပူလောင်ခြင်းနဲ့သာ ထိတွေ့နေမှာ ဖြစ်တယ်လို့ အဓိပ္ပာယ်ဆောင်ထားလို့ အတီးမစုံပေမယ့် အစောခံစားနား ဆင်ရအောင် ထည့်ပေးလိုက်ပါတယ်နော်။

       အစောထာဝရ ကျန်းမာပျော် ရွှင်နိုင်ပါစေလို့။

       ချစ်တဲ့

ခင်ယုမေ (မေ)

သူ့ရဲ့ သီချင်းလေးအတိုင်းပဲ ဒီနေ့ကမ္ဘာကြီးက မေတ္တာတရားခေါင်းပါးပြီး အမုန်းတရားတွေနဲ့သာ ဖုံးလွှမ်းနေပါပြီ။ သတင်းတွေဖတ်လိုက်ရင်လည်း အသေခံဗုံးခွဲတိုက်ခိုက်တာတွေ၊ အပြစ်မဲ့တဲ့ကျောင်းတွေ၊ ဆေးရုံတွေ၊ စားသောက်ဆိုင်တွေ၊ ဘာသာရေးဆိုင်ရာ အဆောက်အအုံတွေကို တိုက်ခိုက်ကြလို့ သေဆုံးကုန်တာတွေ ပဲများပါတယ်။

ကျွန်မတို့လို ဗုဒ္ဓဘာသာတိုင်းပြည်မှာတောင် လုယက်သတ်ဖြတ်ကြံဖို့ ဝန်မလေးကြတော့ပါဘူး။ နေ့စဉ်လိုပဲ ဓားနဲ့ထိုးပြီး သတ်ဖြတ်သွားပြန်ပြီ၊ ဒဏ်ရာက ဘယ်နှစ်ချက်ဆိုတာတွေ ကြားသိနေရပါတယ်။ လူတစ်ယောက်ကို ဓားနဲ့အချက်ပေါင်း များစွာ ထိုးသတ်နိုင်လောက်အောင် သွေးအေးကြသလား။ ဘယ်လောက်တောင် အငြိုးကြီးကြီး မုန်းတီးနေကြ လို့ပါလဲလို့ စဉ်းစားလို့တောင် မရပါဘူး။ မြန်မာလူမျိုးတွေ ရက်စက်ကြမ်း ကြုတ်ကုန်ပြီလားလို့ မေးရမလိုပါပဲ။

ကျွန်မတို့ ငယ်စဉ်ခေတ်က လူသတ်မှုတစ်ခုဖြစ်တယ်ဆိုတာ ရှားရှားပါးပါးပါပဲ။ တကယ့်ကို အံ့သြတုန်လှုပ်ဖွယ်ကောင်းတဲ့အဖြစ်လို့ သတ်မှတ်ကြပါတယ်။ လမ်းသူရဲတွေပေါ်လာတဲ့ ခေတ်တုန်းကတောင်ချိန်းပြီး ရိုက်ကြတာလောက်ပဲ ကြားဖူးပါ တယ်။ အခုအခါမှာတော့ ရိုးတောင်နေပါပြီ။ မေတ္တာတရား ခေါင်ပါးလှချည့်ရဲ့ရှင်။

သိပ်ချစ်ကြတဲ့ သားအမိရှိခဲ့ပါတယ်။ တွေ့ကြရင် တရွှတ်ရွှတ်နမ်း ကြပါပြီ။ အဖေက ပစ်သွားလို့ ဒီ အမေကပဲ သားသမီးသုံးယောက်ကို လူလားမြောက်အောင် ကျွေးမွေးပြုစု ခဲ့တယ်။ သားကြီးကလည်း လုပ်ကျွေးပါတယ်။ အမေနေဖို့ အိမ်လည်း ဆောက်ပေးပါတယ်။ နောက်ဆုံးတော့ ဘယ်လိုအကြိတ်အခဲကြောင့်လည်း မသိပါ။ အမေ့အပေါ်သားက မေတ္တာခန်းခြောက်သွားလိုက်တာ အမေသေတဲ့အထိရောက် မလာတော့ပါဘူး။ ရင်နာစရာကောင်းလှပါတယ်။

ကျွန်မရဲ့ မိတ်ဆွေတစ်ယောက် ဆေးရုံတက်နေပါတယ်။ သူက သူ့ကို ငယ်ငယ်ကသိပ်ချစ်တဲ့သားက သူ့ကိုပစ်ပယ်ထားတယ်၊ ဘယ်လိုဖြစ်သွား သလဲ မသိဘူးဆိုတဲ့ စိတ်နဲ့ဖိစီးမှုဖြစ် ပြီးကောင်းကောင်းမအိပ်၊ ကောင်း ကောင်းမစား၊ လှုပ်ရှားမှုလည်းမရှိဘဲ တစ်နေ့လုံး ကုလားထိုင်ပေါ်မှာပဲ ထိုင်နေတတ်တယ်။ ကျန်တဲ့ မိသားစုဝင်တွေကလည်း သူ့ကို ဆန့်ကျင်တယ်လို့ မှတ်ယူပြီးနောက်ဆုံးတော့ အားပြတ်ပြီး လဲသွားပါတယ်။ ကျန်းမာလာအောင် ဆေးကုပေးပြီး စိတ်ကိုလည်း ကုပေးရမှာပါ။ ဆေးကတော့ သားရဲ့ အကြင်နာမေတ္တာပဲဖြစ်ပါတယ်။ လက်ကျန်အချိန်နည်းနေပြီဖြစ်လို့ စိတ်အေးအေးချမ်းချမ်းနဲ့ နေသွားနိုင်ပါစေလို့ ဆုတောင်းပေးရမှာပါပဲ။

ကျွန်မတို့ရဲ့ အင်္ဂလိပ်စာ ဋ္ဌာနမှူးဆရာမကြီး ဒေါ်ဖွားရင်ပြောတဲ့ အဖိုးတန်စကားလေးရှိပါတယ်။            ''အသက်ရှင်စဉ် ခေါ်ပါပြောပါ နှုတ်ဆက်ပါ။ သေမှကောင်းကြောင်း မပြောပါနဲ့။ မသေခင်ကြားသွားပါရစေ။ သေမှပန်းခွေကြီးပို့တာထက် ရှင်စဉ်မှာပေးတဲ့ စပယ်ပန်းကုံးလေး တစ်ကုံးက တန်ဖိုးရှိပါတယ်''

ကမ္ဘာသူကမ္ဘာ သားများက အမုန်းတွေနဲ့ အီကွေတာပေါ်မှာ ထိုင်မနေဘဲ အိုအေစစ်ကဲ့သို့ အေးမြတဲ့ မေတ္တာနယ်မြေကို ဆင်းခဲ့ကြပါလို့ တိုက်တွန်းလိုက်ပါရစေ။

ခင်စောတင့်

ခင်စောတင့်
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.