14-12-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
မြန်မာ-အိန္ဒိယချစ်ကြည်ရေး လမ်းမကြီးဖြစ်သည့် ကလေးဝ-တမူးလမ်းပိုင်းရှိ တံတား ၆၉ စင်းကို အိန္ဒိယနိုင်ငံမှ အမေရိကန်ဒေါ်လာ သန်း ၆ဝ အကုန်အကျခံတည်ဆောက်ပေးမည်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1041
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
သူ့အတွေး သူ့အမြင်
ပေါ့စေလိုလို့ ကြောင်ရုပ်ထိုးကာမှ . . .

မြန်မာနိုင်ငံမှာ အလုပ်အကိုင် ရှားပါးမှုပြဿနာကို လူငယ်တွေရင် ဆိုင်ကြုံတွေ့နေကြရပါတယ်။ အလုပ်မရွေးရင် အလုပ်ပေါပါတယ်လို့ ပြောသူကပြောပေမယ့်  လုပ်ခငွေကြေးကလည်း အရေးပါပါတယ်။ ပညာတတ် လူငယ်တွေအပြင် ကျေးလက်က လူငယ်တွေမှာလည်း  စိုက်ပျိုးရေး လုပ်ငန်းအပေါ် အားမကိုးနိုင်တော့လို့ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိဆိုတဲ့ အဖြစ်တွေနဲ့ ရင်ဆိုင်လာကြရပါတယ်။

သည်အချိန်မှာ ပြည်ပအလုပ်အကိုင်ဆိုပြီး လစာမက်လုံးကောင်းကောင်းနဲ့ ဆွဲဆောင်လာတဲ့အခါ ပညာတတ်များကလည်း ဥာဏဆိုင် ရာလုပ်ငန်းတွေလုပ်ဖို့၊ ပညာမတတ်သူတွေကလည်း ကာယဆိုင်ရာ လုပ် ငန်းတွေလုပ်ဖို့ ပြည်ပကို တရားဝင်နည်းနဲ့ရော၊ တရားမဝင်နည်းနဲ့ပါ ထွက်ခွာသွားကြပါတယ်။ ဒါပေမယ့် ဒါဟာလည်း ပြောသလောက် လွယ်ကူချောမွေ့ခြင်းမရှိဘဲ အချိန်တွေ၊ ငွေကြေးတွေ ဆုံးရှုံးကြသူတွေရှိကြသလို  ဘဝတွေ၊ အသက်တွေပါ ဆုံးရှုံးမှုနဲ့ ကြုံကြရသူတွေလည်း ရှိကြပါတယ်။ သူတို့ကို ရွှေ့ပြောင်းအလုပ်သမားတွေလို့ ခေါ်ကြပေမယ့် အများစုက တော့ ကုန်ကူးခံနေကြရတဲ့ လူသား တွေဖြစ်ပြီး ဘဝအာမခံချက် အလွန် နည်းကြပါတယ်။

သူတို့ဟာ နီးစပ်ရာ အိမ်နီးနားချင်းနိုင်ငံတွေထဲက ဘယ်နိုင်ငံမှာ လစာကောင်းတယ်၊ အလုပ်ပေါတယ်ဆိုရင် ရောက်အောင်သွားဖို့ ကြိုးစား နေကြသူတွေပါ။ ဒါကို အခွင့်အရေးယူပြီး ကုမ္ပဏီအချို့နဲ့ ပွဲစားအချို့က  ဘဝချင်းမစာ၊  ကိုယ်ချင်းမစာဘဲ ငွေမျက်နှာတစ်ခုတည်းကြည့်ပြီး မက်လုံးပေး ဆွဲဆောင်လို့ ဖြစ်ချင်ရာဖြစ်ဆိုပြီး နည်းမျိုးစုံနဲ့ ပို့ဆောင်ကြတဲ့အခါ ဘဝပျက်ခဲ့ရရှာကြတာပါပဲ။ အထူးသဖြင့် တရုတ်ပြည်ထဲ အပို့ခံရသူတွေပါ။

တစ်လောကပဲ လူကုန်ကူးမှုတား ဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ရဲ့  ထုတ်ပြန်ချက်အရ တရုတ်နိုင်ငံကို နယ်စပ် ဖြတ်ကျော်ပြီး အလုပ်လုပ်ကိုင်ဖို့ သွားမယ်ဆိုရင် လူကုန်ကူးခံရနိုင်တယ်လို့ သိရပါတယ်။ ထုတ်ပြန်ချက်မှာပါ တာက 'တရုတ်နိုင်ငံကို နယ်စပ်ဖြတ်ကျော်ပြီး တရားဝင်သွားရောက် အလုပ်လုပ်ကိုင်ခွင့်မရှိကြောင်း၊ နယ်စပ်ဖြတ်ကျော်သွားလာခွင့် လက်မှတ်နဲ့လည်း အလုပ်လုပ်ခွင့်မရှိကြောင်း၊ တရားမဝင် အလုပ်လုပ်ရင်လည်း အလုပ်သမား အခွင့်အရေးတွေ ရရှိမှာ မဟုတ်ကြောင်း၊ တရားမဝင် ဝင်ရောက်မှုနဲ့ ဖမ်းဆီးခံရနိုင်ကြောင်း၊ အဆိုးဆုံး အန္တရာယ်အဖြစ် လူကုန် ကူးခံရနိုင်ကြောင်း' ဖော်ပြထားပါ တယ်။

လူကုန်ကူးပွဲစားတွေဟာ အမျိုးသမီးတွေကိုဆိုရင် တရုတ်အမျိုးသားနဲ့ ခြောက်လ၊ တစ်နှစ်လောက်ပဲ ပေါင်းရုံနဲ့ မြန်မာငွေဆယ်သိန်းကနေ ဆယ့်ငါးသိန်းထိရမယ်လို့ စည်းရုံးကြသလို အမျိုးသားတွေဆိုရင်တော့ တရုတ်နယ်စပ်မြို့က  စက်ရုံ၊ အလုပ်ရုံ၊ ဈေးဆိုင်တွေမှာ လုပ်ခလစာ ကောင်းကောင်းရမယ်လို့ စည်းရုံးပြီး ကြိုတင်ငွေထုတ်ပေးလေ့ရှိကြတယ်။ တစ်ဖက်နိုင်ငံရောက်ရင်လည်း မိဘ၊ ဆွေမျိုး၊ သားချင်းများကို ငွေလွှဲပေး ဦးမယ်လို့ စည်းရုံးကြတယ်လို့ ဆိုပါတယ်။ ဒါပေမယ့်လည်း  ခြောက်လ၊ တစ်နှစ်ပြည့်ရင် ပြန်မလွှတ်ဘဲ လက် ဆင့်ကမ်းရောင်းချတာတွေရှိတယ် လို့လည်း သိရပါတယ်။

အလားတူပါပဲ။ ထိုင်းနိုင်ငံဘက် မှာလည်း ငါးဖမ်းသင်္ဘောတွေမှာ ရောင်းစားခံရပြီး ငွေဝယ်ကျွန်လို ခိုင်း စေခံနေရတဲ့ သူတွေရှိတယ်လို့ ဖတ်ခဲ့ ရဖူးပါတယ်။ တရားမဝင်တဲ့ နည်းလမ်းနဲ့သွားလို့ ဖြစ်တာဆိုပြီး စောဒကတက်ကြပေမယ့် တရားဝင်ပို့ ဆောင်ပါတယ်ဆိုတဲ့  ကုမ္ပဏီကလည်း မပိုင်ဘဲလုပ်တာတွေရှိတယ် ဆိုတာ တွေ့ရပါတယ်။

တစ်လောကပဲ သတင်းတစ်ပုဒ်မှာ သည်လိုတွေ့ရပါတယ်။ တာ့ခ်ခရိုင် မဲဆောက်မြို့နယ် သောင်ရင်းကမ်းစပ်မှာရှိတဲ့ 'တော့ဖောင်း' အထည်ချုပ်စက်ရုံမှာ MoU လုပ်သားအဖြစ် သွားရောက်လုပ်ကိုင်ဖို့ စာချုပ်ချုပ်ဆိုထားတဲ့ မြန်မာလုပ်သား ၉၂ ဦးဟာ စာချုပ်ပြီး မြဝတီမြို့မှာ လေးလလောက် စောင့်ဆိုင်းနေခဲ့ရ တယ်ဆိုပါတယ်။ ဒါပေမယ့် စာချုပ် ဖောက်ဖျက်ပြီး လုပ်ငန်းခွင် ဝင်ခွင့်မရလို့ တစ်ယောက်ကို ငွေကျပ် ၂၅ဝဝဝဝ စီနဲ့ ပတ်စ်ပို့စာအုပ်တွေ နိုဝင်ဘာ ၉ ရက်က ပြန်ပေးခဲ့တယ်လို့ သိရပါတယ်။ ဇူလိုင် ၆ ရက်က လုပ်သားပို့ဆောင်ရေး ကုမ္ပဏီ၊ ထိုင်း နိုင်ငံဘက်က စက်ရုံကိုယ်စားလှယ်နဲ့ အလုပ်သမားတွေ စာချုပ်ချုပ်ဆိုခဲ့ပေမယ့် ထိုင်းစက်ရုံကိုယ်စားလှယ်က စာချုပ်ဖောက်ဖျက်ပြီး လုပ်သားလက် ခံခြင်းမရှိတော့တာလို့ ဖတ်ရပါတယ်။

''ကုမ္ပဏီက မခေါ်ပေမယ့် စာချုပ်ပြီး လေးပတ်အကြာ စက်ရုံသွား ရမယ်ဆိုတော့ မြဝတီတက်လာပြီး အိမ်ငှားနေတာ  စောင့်ဆိုင်းနေကြတာပါ။ စောင့်ဆိုင်းတာ လေးလပြည့် တော့မှာဆိုတော့  ဝန်ဆောင်ခပေးထားတဲ့ ငွေတွေ ပြန်ရပေမယ့် စိတ်မချမ်းသာနိုင်ပါဘူး။  အိမ်လခ၊ စားစရိတ်တွေအပြင်ချေးလာတဲ့ငွေလည်း အတိုးတက်နေပါတယ်''လို့ အမျိုး သမီးငယ်တစ်ဦးက ဆိုပါတယ်တဲ့။အိမ်ပေါင်၊ ယာပေါင်၊ လယ်ပေါင်၊ မြေပေါင်ပြီး မတန်တဆအတိုးနဲ့ ငွေ ချေးခဲ့ရတာမို့ နောက်ဆုံး အိမ်ယာလယ်မြေရှုံးပြီး လက်ရှိက လက်မဲ့ဖြစ်ကြရပေမယ့် ကုမ္ပဏီများကတော့ အလုံးအထည်လျော့မသွားပါဘူး။ နိုင်လည်းစား ရှုံးလည်းစားရတဲ့ ဖဲဒိုင်လိုပါပဲ။

အလုပ်သမား ညွှန်ကြားမှုဦးစီးဌာနကတော့ ''မြန်မာအလုပ်သမားများ ပြည်ပသို့ သွားရောက်လုပ်ကိုင် မှုသည် အောက်တိုဘာက ၁၅ဝဝဝ ခန့်ရှိပြီး သြဂုတ်ကထက် ၂၅ဝဝ နှင့် စက်တင်ဘာထက် ၁၅ဝဝ ခန့် လျော့ နည်းခဲ့သည်''လို့ စာရင်းထုတ်ပြန်တယ်ဆိုပါတယ်။

''ထိုင်းဘက်က အခုနောက်ပိုင်း အလုပ်သမားခေါ်ယူမှုကို သေသေချာချာစိစစ်နေတာကြောင့် နည်းနည်း လျော့သွားတဲ့ သဘောပါ။ ခေါ်ယူမှု လျော့တာမဟုတ်ဘူး။ စိစစ်မှုကြာလို့ လျော့တဲ့သဘောပဲ၊ ခေါ်ယူမှုရော၊ သွားလုပ်ချင်တဲ့ အလုပ်သမားရောက များပါတယ်''လို့ ပြည်ပအလုပ်အကိုင်  ရှာဖွေရေးဝန်ဆောင်မှုလုပ်ငန်း ရှင်တစ်ဦးက ဆိုပါတယ်။ ပြည်တွင်းပြဿနာအချို့ကြောင့် မလေးရှားဘက်ကို သွားသူနည်းသွားပြီး ပြန်လာ သူတွေများတယ်လို့လည်း ဖတ်ရပါတယ်။

''ဂျပန်က အခုနောက်ပိုင်း ခေါ်ယူလိုမှုတွေ များလာတယ်။ နှစ်နိုင်ငံ အစိုးရချင်း အလုပ်သမားရေးရာ နားလည်မှု စာချွန်လွှာ လက်မှတ်ထိုးဖို့ လုပ်နေတာကြောင့် ရှေ့ဆက်ပြီးတော့လည်း  ခေါ်ယူမှုပိုများလာဖို့ ရှိပါတယ်''လို့ တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။ ဂျပန်ကို ဟိုတုန်းက တော်တော်ခက်ခက်ခဲခဲ သွားရတာပါ။ ခုလမ်းပွင့်လာပြန်တော့ ဂျပန်စကား ပြောသင်တန်းတချို့က သင်တန်းကြေး ဆယ်သိန်းလောက်ယူပြီး ဂျပန်ကို သူနာပြုအကူအဖြစ်ပို့ပေးမယ်လို့ လိမ်ညာကတိခံလုပ်စားလာကြတယ် လို့ သိရပါတယ်။

''ကျွန်မတို့က အရင်ကတည်းက ဂျပန်စကားတတ်ပြီးသား၊ လက်မှတ်ရှိပြီးသား၊ အဲဒီသင်တန်းမှာ ၁၁ သိန်းပေးပြီးတက်တာ။ သူတို့က ဂျပန်ကို ပို့ပေးမယ်ဆိုပါတယ်။ ခုတော့  စာရွက်စာတမ်းလိုလို့ဆိုပြီး မပို့ပေးတဲ့ အတွက် ပိုက်ဆံပြန်တောင်းတော့ တစ်သိန်းခွဲပြန်ပေးတယ်။

အဲဒါ မကျေနပ်လို့ အင်းစိန်တရားရုံးမှာ  တရားစွဲတော့ သုံးသိန်းပြန်ပေးမယ်ဆိုပြီး ပြောတယ်။ ကျွန်မတို့လည်း  တရားရုံးခဏခဏ မသွားချင်တော့ ကျေအေးပေးလိုက်တယ်''လို့ သင်တန်းတက်ခဲ့တဲ့ မိန်းကလေးတစ်ဦးက ပြောပါတယ်။

ဂျပန်နိုင်ငံကို သူနာပြုအကူအဖြစ်  သွားရောက်လုပ်ကိုင်ဖို့ ဥပဒေအရ တရားဝင်မှုမရှိကြောင်းနဲ့ မြန်မာ၊ ဂျပန်၊ အစိုးရချင်း သူနာပြုအကူ စေလွှတ်ဖို့ ညှိနှိုင်းဆဲ အဆင့်သာရှိသေးလို့ သူနာပြုအကူအဖြစ် ပို့ဆောင်ရင် ဥပဒေအရ အရေးယူမှာဖြစ်ကြောင်း၊ ပြည်ပကို အလုပ်သွားလုပ်မယ့်သူ တွေဟာ မိမိလုပ်ကိုင်မယ့် အလုပ်သည် တရားဝင်မှုရှိ မရှိသိဖို့ အရေး ကြီးပြီး တရားဝင်မှုမရှိရင်သွား ရောက်လုပ်ကိုင်ဖို့ မသင့်ကြောင်း အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းရှိန်ကဆိုပါတယ်။ တစ်ခါ ''မြန်မာနိုင်ငံ သူနာပြုနဲ့ သားဖွားကောင်စီဥပဒေ၊ နည်းဥပဒေလုပ်ထုံးလုပ်နည်းများနဲ့အညီ ခွင့်ပြုထားသော ပုဂ္ဂလိကသူနာပြုသားဖွား၊ သင်တန်းကျောင်း မရှိသေးကြောင်းနဲ့ ကောင်စီရဲ့အသိအမှတ် ပြုလက်မှတ်မရှိဘဲ ဖွင့်ထားတဲ့ သင်တန်းကျောင်း တက္ကသိုလ်၊ ကောလိပ် များရှိရင် အရေးယူမယ်''လို့ နိုဝင်ဘာ ၁၄ ရက်က ကြေညာခဲ့ပါတယ်။

အခု တိုင်ပေက မြန်မာအလုပ်သမားဦးရေ သောင်းနဲ့ချီခေါ်ယူဖို့ ကမ်းလှမ်းမှုတွေရှိနေတယ်လို့ ပြည်ပ အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီ တာဝန်ရှိသူ တချို့ကပြောပါတယ်။ ကိုယ့်ဒေသမှာ အလုပ်ရှားပါးမှု၊ လုပ် ခလစာနည်းပါးမှုတွေကြောင့် သည်လိုပဲ ရေကြည်ရာ၊ မြက်နုရာကိုသွား ကြဦးမှာပါပဲ။ ဒါပေမယ့် အမှန်တကယ် ရေကြည်ရာ၊ မြက်နုရာကို ရောက်နိုင်ဖို့ အသေအချာ လေ့လာသုံးသပ်ဆုံးဖြတ်ကြဖို့လိုပါတယ်။ မဟုတ်ရင် ရေကြည်လည်းနှောက်၊ ခြေရာပျောက်ပြီး ဒုက္ခတောထဲ တဝဲလည်လည်နဲ့  နစ်သထက်နစ်မှာ စိုးရတာပါပဲ။

ဝါဆိုကိုဦး (တောင်ကြီး)

ဝါဆိုကိုဦး (တောင်ကြီး)
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.