18-1-2018
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
အကြမ်းဖက်မှုနောက်ပိုင်း မောင်တောနယ်စပ်မှ ကုန်သွယ်မှု ဆောင်ရွက်နေသည့် ကုမ္ပဏီ ဆယ်ခုလျော့ကျသွား
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1046
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
သူ့အတွေး သူ့အမြင်
အတွေးသမားရဲ့ အရေးအသား- ၆

ကျုပ်ဟာ ရန်ကုန်ကတစ်ခုသောနိုင်ငံရေး ရပ်ကွက်မှာ မွေးဖွားခဲ့ ပြီး နိုင်ငံရေးသမားတွေကြားမှာ ကြီးပြင်းခဲ့ရပေမယ့် သိတတ်မှတ်တတ်၊ ဘဝအတွက် ခံယူချက်ပြဋ္ဌာန်းပြီးတဲ့ အရွယ်ကစပြီး 'ပါတီနိုင်ငံရေး'ဆို သဟာကို ငြင်းပယ်ခဲ့တယ်။

အမျိုးသားနိုင်ရေး ဆိုင်းဘုတ်ချိတ်ထားတဲ့ တစ်ပါတီအာဏာရှင် ဝါဒကိုလည်း ကျောခိုင်းခဲ့တယ်။ ဒါတောင်မှ လျှပ်စက် အင်ဂျင်နီယာ တပ်ဖွဲ့ထဲဝင် ရောက်ခဲ့တဲ့အခါ တာ ဝန်ရှိသူတစ်ယောက်က...

''မင်း စစ်သားဖြစ်တာနဲ့ (မဆလ) အရံပါတီဝင်ဖြစ်ပြီ''တဲ့။

ဘယ်လိုဟာလဲဗျာ။ 

ဇွတ်ကြီးပါ လား။ မဝင်ချင်လည်းဝင် ဝင်ချင်လည်း ဝင်ရမယ်ဆိုတဲ့ အဓမ္မဝါဒကြီးပါလား။ တစ်ချိန်က ကွန်မြူနစ်တွေ ပြောသလို မဆလဆိုတာ 'ဆိတ်ခေါင်းချိတ်ပြီးခွေးသားရောင်း'တဲ့ လမ်းစဉ်ဆိုတာကို ရိပ်စားမိနေတဲ့နောက် အဲသည်ပါတီဝင် ဘယ်ဖြစ်ချင်ပါ့မတုံးဗျာ။

သည်လိုနဲ့ပဲ ကျုပ်ဟာ တပ်က နေ အထုတ်ခံရတဲ့အထိ မဆလ ပါတီဝင်မဖြစ်ခဲ့ရပါဘူး။   အမှန်ကတော့ မဆလကို 'အမြု တေပါတီ' ဘဝကတည်းကကို မ ကြိုက်ခဲ့တာဗျ။

ဘာကြောင့် မကြိုက်ဆို ကျုပ်တို့အနီးဝန်းကျင်က နလပြိန်းတုံးတွေက ပါတီဝင်ဖြစ်နေကြလို့ပဲ။

ကျုပ်အဖေတောသားကြီးတောင် အစိုးရဝန်ထမ်းဆိုတော့  မဆလထဲကို  မဝင်မနေရဝင်လိုက်ရတယ်။ ပြီးတော့ မယူမနေရ မဆလ က ထုတ်တဲ့ စာအုပ်ပြာတွေကို ချောင်ထိုးထားလိုက်တယ်။ ပြီးတော့ ခေတ်နဲ့လျော်ညီစွာရသမျှ ခိုးတော့တာပါပဲဗျို။

ကျုပ်က 'မင်းမဲ့ဝါဒ' ဆိုသဟာ ကို လေးလေးနက်နက် မကြိုက်ပါဘူး။ တူးတူးခါးခါး မုန်းတီးပါတယ်။ ထို့အတူ တစ်ပါတီအာဏာရှင်စနစ် ကိုလည်း အပေါ်က နည်းတူပါပဲ။                   ပါတီစုံဒီမိုကရေစီစနစ်မှာလည်း အာဏာရပါတီက အလွန်မ တန် အားကောင်းလာရင် အာဏာရှင်ဝါဒ Tyranny ဆီကို ဦးတည်သွား တတ်လို့ လစ်ဘရယ် ဒီမိုကရေစီကိုတောင် ကျုပ်က သံသယနဲ့ လက်ခံထားတာပါ။

NLD ပါတီထူထောင်ခါစမယ် သူငယ်ချင်းတွေက ပါတီထဲဝင်ဖို့ လျှောက်လွှာတွေယူလာပြီး တိုက် တွန်းဆွဲဆောင်ကြပါတယ်။

''ငါက ပါတီကြီးတစ်ခုထဲကို ဝင်ထားပြီးသားကွ''

''ဘယ်ပါတီလဲ''

''ဗုဒ္ဓပါတီ၊ ထာဝရသစ္စာကို ကိုင်စွဲတဲ့ ပါတီ''

သူငယ်ချင်းတွေက ကျုပ်ကို  နောက်ပြောနေတာလား၊ ရွဲ့ပြောနေတာလားဆိုပြီး ဒွိဟဖြစ်နေကြတယ်။ ကျုပ်က ခံယူချက်ကို ရှင်းပြရတယ်။

''ဗုဒ္ဓရဲ့ အလိုတော်အရ လူဆိုတာ လောဘတရားကို အရင်းတည်ပြီး ဖြစ်တည်လာရတဲ့အတွက် လောဘသားသာဖြစ်တယ်။ လူက နိုင်ငံရေးသမား ဖြစ်လာရင် အာဏာလောဘတက်လာမှာ အမှန်ပဲ။ နိုင်ငံ ရေးသမားဟာ အာဏာလောဘမတက်လို့မဖြစ်ဘူး။ ဟစ်တလာဆိုရင် သူ့ရဲ့နာဇီပါတီက အုပ်ချုပ်တဲ့ တတိယမြောက်ရိုက်ခ် Third Reich နိုင်ငံတော်ကြီး သက်တမ်းအနှစ်တစ် ထောင်ရှည်ဖို့အထိ လောဘတက်ခဲ့တာ''

''အာဏာလောဘမတက်ရအောင် ဒီမိုကရေစီစနစ်က ကာကွယ်ထားပါတယ်ကွ''လို့ သူငယ်ချင်းတစ်ယောက်က ချေပတယ်။

''အာဏာဆိုတာ လေမှုတ်သွင်းနေတဲ့ ပူစီဖောင်းလိုပဲကွ။ လေသွင်းနေသမျှ ဖောင်းကားလာပြီး နောက်ဆုံး ပေါက်ထွက်သွားတတ်တာမျိုးပဲ။ ဒါကြောင့် ဒီမိုကရေစီနိုင်ငံတွေမှာ လေး၊ ငါးနှစ်တစ်ကြိမ် ရွေးကောက်ပွဲလုပ်ပြီး အာဏာပူစီဖောင်းမပေါက်ကွဲစေရအောင် ထိန်းပေးနေတာပဲ''လို့ ကျုပ်ကလည်း ခံငြင်းသဗျ။

ဒီလိုနဲ့...။

NLD ထင်ရှားလာတဲ့အခါမှာလည်း ကျုပ်ကလမ်းဘေးထိုင်နေ ခဲ့တာ။ NLD ကို စစ်အာဏာရှင်က ဖိနှိပ်တော့လည်း ''တူဖြစ်နှံ၊ ပေဖြစ်ခံပေါ့လကွယ်'' လို့ ကျုပ်က လမ်းဘေးထိုင်ရင်း သံဝေဂပွားနေခဲ့တယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဇွဲကိုတော့ ကျုပ်က အရမ်းချီးကျူးတယ်။

သို့သော် အင်္ဂလိပ်ပညာရှင်ကြီး ဒေါက်တာဂျွန်ဆင် Johnson က ''လူတစ်ယောက်ကို သူသေမှပဲ အ ကောင်းအဆိုးဆုံးဖြတ်ပါ'' လို့ မိန့်မှာဖူးတာကို ကျုပ်ကတစ်သွေမတိမ်း လိုက်နာခံယူသူဆိုတော့ ဒေါ်အောင် ဆန်းစုကြည်ကို အကောင်းအဆိုး၊ အမှားအမှန် ဒီကနေ့အထိ ကျုပ်မ ဝေဖန်ဘူး။

ကျုပ်တို့ စာပေလောကမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ 'ဘုန်းတော်ဘွဲ့' တွေ အမွှမ်းတင်ပြီး 'လုပ်စား' နေခဲ့ကြတဲ့ ကလောင်ရှင်တွေ ရိုက်သတ်လို့ မကုန်နိုင်ပါဘူး။

ဒီကနေ့ ထစ်ခနဲရှိ 'အမေစု' ဆိုပြီး ထထအော်ချင် တတ်ကြတဲ့ ငဖားငလျား ကလောင်ရှင်တွေ လက်ညှိုးထိုးမလွဲပဲဗျ။ ဒေါ်စု ဆိုတာ နတ်ဘုရားမ Goodes မှ မဟုတ် တာ။ လူကို လူလိုပဲမြင်ပေါ့ဗျာ။

တစ်ခုတော့ရှိသဗျာ။ အခုဆိုရင် NLD အာဏာရခဲ့တာ နှစ်နှစ်ပြည့် တော့မယ်။ လူတချို့က ဆန္ဒစောပြီး NLD ဟာ တိုင်းပြည်ဖွံ့ဖြိုးအောင် လုပ်မပေးနိုင်ဘူးလို့ အရမ်းကာရော ဝေဖန်ပြစ်တင်နေကြတယ်။ ဒါတော့မှားသဗျာ။ အလွဲကြီးလွဲသဗျာ။ စစ်သားနဲ့ စစ်သားလူထွက်တွေ ကြီးစိုးခဲ့ကြတဲ့ ကာလအတိုင်းအတာကိုလည်း ထည့်တွက်ကြဦးဗျ။ ရာစုဝက်လောက် ကိုယ့်ဆရာများ အုပ်စိုးခဲ့တဲ့ ကာလရှည်ကြာကြီးအတွင်း တိုင်း ပြည်ဘယ့်ကလောက် ဆုတ်ယုတ်ခဲ့ရ သလဲ။

နောက်ပြီးတော့ အဓိက အခရာကျတဲ့ မောင်မင်းကြီးသားများ မှော်သွင်းထားခဲ့တဲ့ ၂ဝဝ၈ ခြေ/ဥကြီးက ဒီမိုကရေစီလမ်းကြောင်းမှာ ကိုးလိုးကန့်လန့်တားဆီးပိတ်ပင်ထားတာကိုလည်း မြင်ကြစေချင်တယ်။

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းကြီးက ခေါင်းဆောင်တစ်ဦးပြောခဲ့ဖူးသလို ဒီလို ခြေ/ဥက ပြင်လို့မရဘူး။ ဖျက်ပစ်လိုက်ပြီး အသစ်ပြင်ရေးလို့သာ ဆိုရတော့မှာပဲ။

စာရင်းချုပ်လိုက်တော့ နိုင်ငံရေး သမားဆိုတာ ဥပုသ်ရက်ရှည်စောင့်နေတဲ့ သူတော်ကောင်း ဥပသာကာမှ မဟုတ်တာဗျာ။  ခေါင်းဆောင်ဘယ် လောက်ကောင်းကောင်း၊ နောက်လိုက်တွေကောင်းဦးမှကိုးဗျ။ ကိုယ် ကျိုးစွန့်တဲ့စိတ်ဆိုတာ ပုထုဇဉ်နိုင်ငံ ရေးသမားတွေမှာ ရှိနိုင်ခဲဘိခြင်း။

စောင့်ကြည့်ဗျာ။ ၂ဝ၂ဝ ရွေး ကောက်ပွဲမှာလည်း (ဒေါ်အောင်ဆန်းစုကြည်ရှိနေသေးရင်) NLD ပဲနိုင်ပြီး အာဏာဆက်ထိန်းမှာပဲ။

သို့ပေမယ့်... နိုင်ငံကတော့ ဆင်းရဲခြင်းမှာ ပျော်မွေ့နေဦးမှာပါဗျာ။

 

ကြူးနှစ်

ကြူးနှစ်
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.