18-1-2018
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
အကြမ်းဖက်မှုနောက်ပိုင်း မောင်တောနယ်စပ်မှ ကုန်သွယ်မှု ဆောင်ရွက်နေသည့် ကုမ္ပဏီ ဆယ်ခုလျော့ကျသွား
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1046
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
သူ့အတွေး သူ့အမြင်
ဗိုလ်အောင်ဒင်ထဲက ရာမ

''ဗိုလ်အောင်ဒင်'' ပြဇာတ်တိပ်ခွေထဲတွင် ဗိုလ်အောင်ဒင်က သူ့တပည် 'ရာမ' ကို ပြောလိုက်သည့် ကွယ်လွန်သူ မင်းသားကြီး ကောလိပ်ဂျင်နေဝင်း၏အသံက ရုပ်ပိုင်းဆိုင်ရာကိုပါ သက်ဝင်လှုပ်ရှားလိုက်သလို တကယ့်ကို အသက်ဝင်လွန်းလှပါသည်။

ဗိုလ်လုပ်တယ်ဆိုတာ လက်ညှိုးကလေး အကွေးအဆန့်လုပ်တတ်ရုံနှင့် ဗိုလ်မဖြစ်နိုင်ကြောင်း ဗိုလ်သိပ်လုပ်ချင်သော တပည့်မိုက်ရာမကို ပညာပေးဆုံးမလိုက်သော စကားတစ်ခွန်းဖြစ်ပါသည်။

သည်စကားလေးတစ်ခွန်းနှင့် ပတ်သက်ပြီး ကျွန်တော်ဆက်စဉ်းစား မိပြန်ပါသည်။ နိုင်ငံတစ်နိုင်ငံကို ဦး ဆောင်ကြမည့်သူတွေဆိုတာ မင်းသားကြီး ကောလိပ်ဂျင်နေဝင်း  (ဗိုလ်အောင်ဒင်)က သူ့တပည့်ရာမကို  ပြောသလိုပင် လက်ညှိုးကလေးကွေး ဆန့်တတ်ရုံမျှလောက်နှင့် နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးနိုင်ငံရေး ငြိမ်းချမ်း ရေးလုပ်ငန်းများ အပါအဝင်ရှုပ်ထွေး ကျယ်ပြန့်လှသော နိုင်ငံတကာအရေး ကိစ္စများကို ဖြေရှင်းဆောင်ရွက်နိုင် မည် မဟုတ်ပါ။

အပြောလွယ် အဝေဖန်လွယ် သလောက် လက်တွေ့မှာမူ ပြောသလောက်မလွယ်တာကို တွေ့ ကြရပါလိမ့်မည်။

'ပြောင်းလဲချိန်တန်ပြီ'ဆိုသော ကြွေးကြော်သံဖြင့် ချီတက်လာခဲ့သော အစိုးရသည်ပင်လျှင် ပြောင်းလဲလိုသော ရေဆန်ခရီးကြမ်းကို ကျော်ဖြတ်နိုင်ဖို့အတွက် အဟန့်အတား အကျပ်အတည်းပေါင်းမြောက်များစွာနှင့် ရင်ဆိုင်နေရသေးတာကို တွေ့ရပါသည်။

တိုင်းပြည်သည် မလိုလားအပ်သော  အခြေအနေအရပ်အရပ်တွေကြောင့်ပဲ မနစ်နာသင့်ဘဲ စုံးစုံးမြုပ် နေခဲ့ရလေသည်။

ဘယ်အစိုးရတက်တက် အကောင်းမမြင် အဆိုးကမ္ပည်းတင်မည့် သူတွေကလည်း ဒုနှင့်ဒေးရှိနေကြပြန်သည်။ ဝင်လည်းမကူ ဝိုင်းလည်းမလုပ်ဘဲ ပျက်စီးရာ ပျက်စီးကြောင်း စကားတွေပဲပြောနေကြသည်။

သူတို့ကိုယ်တိုင်ကတော့ မင်းသားကြီးကောလိပ်ဂျင်နေဝင်းသူ့ တပည့်ရာမကို ပြောသလောက် အဆင့်သာရှိကြသည်။

တချို့ကတော့ သူတို့ကိုယ်သူတို့ နိုင်ငံရေး ပရောဟိတ်ကြီးတွေလို ဂိုက် ဖမ်းပြီး လေကိုဒန်းစီးလုပ်နေကြသည်။

ကျွန်တော်တို့က သူခိုးဓားပြတွေ တန်ခိုးပြနေသောခေတ်မှာ ကြီးပြင်းခဲ့ရတော့ နောက်ကြောင်းပြန်ရောက် စေမယ့်ကောက်ပင်တွေလို ယိမ်းနွဲ့သည့် စကားမျိုးတွေကို လက်မခံချင်တော့ပေ။

ကျွန်တော်၏ သဘောထားအရ အရေးတော်ပုံကြီးထဲက ထွက်ပေါ်လာသည့် ပြည်သူလူထုထောက်ခံ ယုံ ကြည်သော အစိုးရကိုသာ ကြိုဆိုသည်။ ယုံကြည် စိတ်ချသည်။ သဘောတွေ့ပါသည်။

တကယ်တော့ ကိုယ့်နိုင်ငံ၏ အတွင်းရေးကို အတွင်းကျကျသိရှိသည်မှာ ထိုတိုင်းပြည်အတွင်း မှီတင်းခိုလှုံ နေထိုင်ကြသည့် ပြည်ထောင်စု တိုင်းရင်းသားများသာဖြစ်သည်။

အတွင်းကျကျမသိရှိဘဲ အဝေးက သွေးထိုးလှုံ့ဆော်ဝိုင်းညှော်နေကြ သည့်သူများကို ဘာမှမှုနေစရာ အကြောင်းမရှိ။

မိမိတို့နိုင်ငံအတွင်း တဒင်္ဂတွေ့ ကြုံနေရသော အခြေအနေများ မှန်ကန်သောလမ်းကြောင်းပေါ်အ ကောင်းပကတိအတိုင်းပြန်လည် ရောက်ရှိသွားမည်ဆိုပါက သွေးထိုးလှုံ့ဆော်ကာပြောနေ၊ အာနေကြသော စွပ်စွဲမှုများ၊ မဟုတ်တမ်းတရမ်းများ ပြန်ပြီးပိတ်သွားကြမည်ဖြစ်သည်။

၂၁ ရာစုပင်လုံငြိမ်းချမ်းရေး ရရှိစေမှုအတွက် ကြိုးပမ်းမှုမှာလည်း ဤသို့ပင်ဖြစ်သည်။

တချို့ အပြင်လောက၌ ငြိမ်းချမ်းရေး ကြိုးပမ်းမှုများနှင့် ပတ်သက် ၍ ''ငြိမ်းချမ်းရေးမရနိုင်'' ဆိုသော စကာများပြောဆို   ဝေဖန်ကာ အာ ချောင်နေသော ပုဂ္ဂိုလ်များကိုလည်း ရံဖန်ရံခါတွေ့ရတတ်ပါသည်။

ကဲ - အဲ့သည့် ပရောဟိတ်ကြီးများအား ကျွန်တော်က ဥာဏ်မမီ၍ တစ်ခုလောက်မေးကြည့်ချင်ပါ၏။

''ဘာကြောင့် မအောင်မြင်နိုင်ဘူးလို့ ဆိုရတာလဲ။

 အကြောင်းက ဘာလဲ။ အနည်းစုလား၊ အများစုလား။

အကြောင်းက ဘာကြောင့်လဲ ဒါဆိုရင် အောင်မြင်နိုင်မည့် ပန်းတိုင်ကိုရောက်အောင် ပရောဟိတ်ကြီးတို့က ဘယ်လိုဘယ်ကဲ့သို့ အကြံပြုချင်ပါသလဲ။ ကောင်းသောအကြံ မှန်ကန်သော လမ်းပေါ်ရောက်အောင် ဆွေး နွေးအကြံပြုပေးစေချင်ပါသည်။  သည်လိုမှမဟုတ်ဘဲ တွေ့ရာထိုင် ထင်ရာတွေ လျှောက်ပြောနေလို့က တော့ နိုင်ငံအတွက်လည်း အကျိုးမရှိ၊ ပရောဟိတ်ကြီးတို့အတွက်လည်း အ ကျိုးယုတ်စေပါသည်။

တကယ်တော့ ကျွန်တော်တို့ နိုင်ငံက အိုးကြီးခွက်ကြီးအင်အားကြီး နိုင်ငံကြီးနှစ်နိုင်ငံကြားမှာ  ငြိမ်းချမ်း ရေးရှိလျှင် ဘာမဆိုဖြစ်လာနိုင်သော  နိုင်ငံငယ်လေးတစ်နိုင်ငံဖြစ်ပါသည်။ ဂုဏ်သိက္ခာအရသော်လည်းကောင်း၊ သယံဇာတပစ္စည်းများအရသော်လည်းကောင်း အားငယ်စရာမရှိသော အနေအထားမှာရှိသော်လည်း နှစ် ကာလများစွာ အာဏာရှင်တို့လက်အောက်တွင် နေထိုင်ခဲ့ရပြီး အမျိုးသားရေးစိတ်ဓာတ်တို့ ဆိတ်သုဉ်းခဲ့ရ သောကြောင့် ဖွံ့ဖြိုးတိုးတက်ရမည့် အစား အဘက်ဘက်က နွံနစ်ခဲ့ရခြင်း ဖြစ်ကြောင်းအားလုံးအသိဖြစ်သည်။

ဒီကြားထဲ ကူဝင်ထမ်းပိုးပေးရမည့်အစား အတွေးအမြင်တို့ စောင်းရွဲ့နေကြသည့် အမှိုက်တွေကိုလည်း ကောက်သိမ်းရန် ကျန်ရှိနေပါသည်။ ကျွန်တော်တို့ ကိုယ့်နိုင်ငံအတွက် အမှန်ပင် စိတ်မချမ်းမြေ့စွာဖြစ်ရပါ သည်။ အစစအရာရာ တခြားသော နိုင်ငံများနည်းတူ ဖြတ်သန်းတူယှဉ် ရပ်တည်နိုင်ပါလျက် ရေကြည်တစ် ဝက် ရေနောက်တစ်ဝက်ဖြစ်အောင် ရောယှက်အောင် အရောင်အမျိုးမျိုး ဆေးဆိုးနေကြသည့် သူတွေကလည်း ကျွန်တော်တို့ ပြည်တွင်းမှာပင် ရှိနေကြပါသည်။

တချို့ကြပြန်တော့လည်း တိုင်းပြည်ကောင်းစားရေး၊ လူထုကောင်းစားရေး ဗဟိုပြုလုပ်ရပ်များ ကင်းမဲ့သည့် ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုများနှင့်သာ လူစွမ်းကောင်းလုပ်ကာ ဟစ်တိုင်တက်ပြနေကြလေသည်။

တကယ် အလုပ်လုပ်တော့မည် ဆိုလျှင်တော့ ပွဲဖျက်မည့် ရေသန့်ဘူး များကို အထူးဂရုစိုက်ရမည်ဖြစ် သည်။

အမှန်တကယ်ကတော့  လက်ညှိုးလေးကွေးတာ ဆန့်တာလုပ်တတ် ရုံလောက်နှင့် နေရာယူဗိုလ်လုပ်ချင်ကြသည့် မူးကြောင်ရူးကြောင် ပရောဟိတ်ကြီးများကိုဗိုလ်အောင်ဒင်အဖြစ် ဇာတ်လမ်းခွေထဲမှာ အသံဖြင့် သရုပ်ဆောင်ထားသည့် နိုင်ငံကျော် မင်းသားကြီး ကောလိပ်ဂျင်နေဝင်း မေးသလို

''ဟေ့ကောင် ရာမ ဗိုလ်လုပ်တယ်ဆိုတာ လွယ်သလား ရာမ''

လို့သာ မေးလိုက်ချင်ပါတော့သည်။

 

မင်းထက်ခိုင်

မင်းထက်ခိုင်
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.