2013-5-13
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
ဈေးကွက်ဂျာနယ်နှင့် Reporter ဂျာနယ် ဒလမြို့နယ်သို့ သောက်ရေသန့် လှူဒါန်းမည်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... ၈၁၃
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
သူ့အတွေး သူ့အမြင်
ရပ်ကွက်ထဲက ဆိုင်နှစ်ဆိုင်

ရပ်ကွက်ထဲတွင် အိမ်ဆိုင်ကလေးတွေ ရှိကြသည်။ အိမ်ဆိုင်ကလေးတွေ အများအပြားအနက် အိမ်ဆိုင်နှစ်ဆိုင်မှာ ပစ္စည်း အစုံဆုံးဖြစ်ကြသည်။
    ထိုပစ္စည်းအစုံဆုံးအိမ်ဆိုင်နှစ်ခုသည် မြောင်းတစ်ခု၊ လမ်းတစ်လမ်းသာခြား၍ မျက်နှာချင်းဆိုင် တည်နေကြသည်။
    ပစ္စည်းစုံတာချင်းတူသော်လည်း တစ်ဆိုင်ကအခြားတစ်ဆိုင်ထက် ပိုရောင်းရသည်။ ထိုဆိုင်နှစ်ဆိုင်ကို နံပါတ်တပ်ပြီး အမည်ပေးခေါ်ရသော် နံပါတ်တစ်ထက် နံပါတ်နှစ်က ပို၍ ရောင်းရလေသည်။
    နံပါတ်တစ်ဆိုင်သည် နံပါတ်နှစ်ဆိုင်ထက် ကျွန်တော်တို့နှင့်ပို၍ နီးသော်လည်း ကျွန်တော်သည် ကိုယ်လိုရာဝယ်စရာရှိလျှင် နံပါတ်နှစ်ဆိုင်သို့သာသွား၍ ဝယ်ပါသည်။ အခြားသူများလည်း သူတို့အကြောင်းနှင့်သူတို့ နံပါတ်နှစ်ဆိုင်သို့ သွားဝယ်ကြ ဟန်တူသည်။
    ထို့ကြောင့်ပစ္စည်းစုံတာချင်းလည်းအတူတူ၊ အကွာအဝေးလည်း သိပ်မခြားနားဘဲလျက် နံပါတ်တစ်ကနံပါတ်နှစ်လောက် ဘာကြောင့် ဖောက်သည်မများပါသနည်းဟု ကျွန်တော် စဉ်းစားကြည့်သည်။
    လွန်ခဲ့သော နှစ်နှစ်၊ သုံးနှစ်က တစ်ဆယ်ကျပ်တန်၊ နှစ်ဆယ်ကျပ်တန်၊ ငါးဆယ်ကျပ်တန်၊ တစ်ရာကျပ်တန် ငွေစက္ကူများ ရှားပါးကြသည်။ ရှိသည့် နှစ်ရာကျပ်တန်၊ ငါးရာကျပ်တန် ငွေစက္ကူများကိုလည်း စုတ်ပြဲနေသည့်အတိုင်းပင် သုံးစွဲနေကြရသည်။ ထို့ကြောင့် ငွေအကြွေအခက်အခဲရှိကြသည်။ ရှေးကတော့ အကြွေဆိုသည်မှာ ငါး ပြားစေ့၊ ဆယ်ပြားစေ့၊ မတ်စေ့ စသော ငွေကြေး ယူနစ်များကို ခေါ်ခြင်းဖြစ်သည်။ ယခုထိုငွေကြေး ယူနစ်များ ပျောက်သွားပြီဖြစ်၍ တစ်ဆယ်ကျပ် တန်၊ နှစ်ဆယ်ကျပ်တန် စသည်တို့ ကိုပင် အကြွေဟုပြောရပါသည်။
    ထိုသို့ ငွေအကြွေအခက်အခဲရှိ ကြသဖြင့် ဈေးဝယ်သူက တစ်ရာကျပ်တန်ပေးကာ၊ ငါးဆယ်ကျပ်ဖိုးဝယ်ယူလျှင် ဆိုင်ရှင်က သူ့လက်ထဲမှာ အမ်းစရာ ငါးဆယ်ကျပ်တန်ရှိနေသော်လည်း ပြန်မအမ်းချင်။ နောက် ထပ် ငါးဆယ်ကျပ်ဖိုး ဘာဝယ်ဦး မည်နည်း ဟု မေးသည်။ နှစ်ရာကျပ် တန်ပေး၍ တစ်ရာ့ငါးဆယ်ကျပ်ဖိုး ဝယ်လျှင်လည်း အလားတူပင် ငါးဆယ်ကျပ်တန် ပြန်မအမ်းလို သဖြင့် နောက်ထပ် ငါးဆယ်ကျပ်တန်ပစ္စည်း တစ်ခုခုကိုသာ ဈေးသည်က ဈေးဝယ်သူအား ဝယ်ခိုင်းတတ်ကြလေသည်။
    ကျွန်တော်သည် နံပါတ်တစ်ဆိုင်နှင့် နံပါတ်နှစ်ဆိုင်တို့ကို ယှဉ်ကြည့်လျှင် နံပါတ်တစ်က ပို၍နီးသဖြင့် နံပါတ်တစ်တွင်ပင် ဝယ်သည်။ ထိုအခါ ဖော်ပြပါအတိုင်း နောက်ထပ် ဘာဝယ်ဦးမည်နည်းဟုမေးကာ အကြွေပြန်မအမ်းရရေးကိုကြိုးစားလေသည်။
    ကျွန်တော်ကလည်း ကိုယ့်မှာ သုံးစရာမလိုသည့်ပစ္စည်းကို အပိုမဝယ်ချင်ပေ။ ထို့ကြောင့် ဆိုင်ရှင်ကလေးမကို ပြောရသည်။ ''သမီးရဲ့၊ ထုံးစံကတော့ ဈေးဝယ်သူကသာ ဈေးရောင်းသူထံက ဈေးဆစ်ကြမြဲဖြစ်တယ်။ ညည်းက ဈေးဝယ်သူ အန်ကယ့်ကို နှစ်ခု တည်းတော့မဝယ်ပါနဲ့၊ သုံးခု ပြည့်အောင်ဝယ်လိုက်ပါဦးလို့ ဈေးဆစ်သလိုဖြစ်နေတယ်။ အန်ကယ့်ကို ဈေးမဆစ်ပါနဲ့''
    ထိုသို့ပြောသောအခါ ဈေးသည်က စိတ်ဆိုးလေသည်။ ''အန်ကယ့်ကို ဈေးဆစ်နေရင် ညည်းဆိုင်က မဝယ်ချင်ဖြစ်သွား မှာပေါ့''ဟု ပြောသည့်အခါ ''မဝယ်ချင်နေပေါ့''ဟု ပင် ပြန်ပြောပါသည်။
    ကျွန်တော်ကတော့ ဝယ်စရာရှိလျှင် သူပြောသလို နေလို့မဖြစ်ပါ။ အိမ်မှထသွားကာ ဝယ်ရပါသည်။ သို့ရာတွင် သူ့ဆိုင်တွင်တော့ မဟုတ်တော့။ ခြေလှမ်းပိုလျှောက်ရသော နံပါတ်နှစ်ဆိုင်ရောက်သွားသည်။
    နံပါတ်နှစ်သည် စီးပွားရေးကိုဘယ်လိုလုပ်ရမည်ကို နားလည်လေသည်။ ဈေးဝယ်လာလျှင် သူဘယ်လောက်တန်ငွေ စက္ကူပေးပေး၊ ပြန်အမ်းစရာကို ပြန်အမ်းနိုင်အောင် ငါ့ဘက်က အသင့်ရှိနေစေရမည်ဟု သဘောပေါက်သည်။ ကိုယ့်ထံလာ ဝယ်သူ စိတ်ချမ်းသာမှ နောက်တစ်ခါ ကိုယ့်ထံလာ၍ ဝယ်ချင်လိမ့်မည်ဟု တွေးတတ်လေသည်။ သူအမြတ်ရဖို့ အတွက် ဝယ်သူနေရာက စဉ်းစားကြည့်တာမျိုးလောက်တော့ ရင်းသင့် သည်ဟု သိရှိလေသည်။
    ထိုအချိန်က အပြင်တွင် ငွေတစ်ထောင်ကျပ်ဖိုး အကြွေလဲလျှင် ဘယ်နှရာခိုင်နှုန်းအလျော့ဖြင့်လဲ၍ရသည်ဟူသော အခြေအနမျိုး လည်းရှိသည်။ ဆိုပါစို့။ ငွေကျပ် တစ်ထောင်ဖိုးလဲလျှင် ကျပ်တစ်ရာလျော့နှင့် လဲရသည်ဆိုပါက ငွေတစ်ရာကျပ်ကိုယ် ကဆုံးရှူံးမည်။ သို့ရာတွင် နံပါတ်နှစ် ဆိုင်က ထိုတစ်ရာကျပ်အဆုံးရှူံးခံ၍ ငွေအကြွေတွေရအောင် လုပ်ထားသည်။ ထို့ကြောင့် ထိုဆိုင်တွင် သွား ဝယ်ပါက တစ်ဆယ်ကျပ်လည်း ပြန်အမ်းနိုင်။ နှစ်ဆယ်ကျပ်လည်း ပြန် အမ်းနိုင်၏။ ငါးဆယ်ကျပ်၊ တစ်ရာ ကျပ်လည်း ပြန် အမ်းနိုင်လေသည်။ နံပါတ်နှစ်ဆိုင်သည် ကိုယ့်ဆီလာဝယ်သော ဈေးဝယ်ထံမှ ဈေးမဆစ်၊ သူကသာ ဈေးဝယ်သူ ကြိုက်ရာကို ကြိုက်သလောက် ဝယ်နိုင်အောင် စီစဉ်ထားလေသည်။
    ထို့ကြောင့် အကြွေရအောင် ဆောင်ထားရသဖြင့် သူ့မှာငွေအတန်အသင့်အဆုံးရှူံးခံရမည်ဖြစ်သော်လည်း သူ့ဆိုင်မှာဝယ်ရတာ အဆင်ပြေ၍ လာဝယ်သူတွေများလာသည့်အခါ များများရောင်းရသည့်အပေါ်မှာ အမြတ်ငွေများမျာပြန်ရသောကြောင့် ဆုံးရှူံးခံရကျိုး နပ်လေသည်။
    ကျွန်တော် နံပါတ်တစ်ဆိုင်ကိုကျော်ပြီး နံပါတ်နှစ်ဆိုင်သို့ သွားဝယ်ခြင်းမှာ ထိုနှစ်ဆိုင်တို့သည် အထက် တွင်ဖော်ပြခဲ့သလို ခြားနားကြခြင်းကြောင့်ဖြစ်သည်။ တစ်ဆိုင်နှင့်တစ် ဆိုင် စီမံဆောင်ရွက်ပုံချင်း၊ ဝယ်သူ အပေါ် သဘောထားပုံချင်း မတူကြ၍ သူတို့၏ ဖောက်သည်ဈေးကွက်လည်း ခြားနားသွားကြသည်။ အမြတ်အစွန်းရမှုလည်း ခြားနားသွားသည်။ နံပါတ်တစ် သည် နံပါတ်နှစ်ကို ဘယ်လိုမှမမီနိုင်တော့ပေ။ နံပါတ်နှစ်ထက် ဖောက်သည်လည်းနည်း၊ အမြတ်ငွေရမှုတွင်လည်းနည်း သွားလေ သည်။
     အချို့သူများသည် အရောင်းအဝယ် စီးပွားရေးလုပ်ငန်းတွင် ငွေကြေးသာရင်းရသည်ဟု ထင်ကြသည်။ မှန်ပါ၏။ ငွေကြေး ကတော့ မရင်းမဖြစ်ရင်းကြရပါသည်။ သို့ရာတွင် မိမိဖောက်သည်များ၏ ကျေနပ်မှုရအောင်၊ မိမိအပေါ်ယုံကြည်မှုရအောင် စိတ်သဘောထားကောင်းများလည်း ရင်းရသေးကြောင်း သဘော မပေါက်ကြပေ။
    အချို့ဆိုလျှင် ဈေးဆိုင်တည်ထားလျှင် ဝယ်သူမုချလာမှာပဲဟု တွက်ထားကြပုံရသည်။ တစ်ခါက ရေကျော်လမ်းမကြီးပေါ်တွင် မီနီမတ်တစ်ခုလာဖွင့်၏။ ပိုင်ရှင်မည်သူမည်ဝါဖြစ်ကြောင်း ကျွန်တော်မသိပါ။ ထိုဆိုင်ကို ကျွန်တော်သုံးလေးကြိမ်မျှ ဝယ်ဖူးသည်။ တစ်ကြိမ်မျှ အကြွေမအမ်းနိုင်ချေ။ တစ်ထောင်တန်ပေးတာ မအမ်းနိုင်၍ နောက်တစ်ခါ ငါးရာတန်ပေးလည်း မအမ်းနိုင်။ နှစ်ရာ တန်ပေးလည်း မအမ်းနိုင်ပေ။
    ကျွန်တော်သွားဝယ်သည့် အချိန်မှာ ဆိုင်ဖွင့်စအချိန်ဖြစ်ရာ ဆိုင်မှာ အရောင်းဝန်ထမ်းသာရှိသည်။ အမ်းရန်ငွေစက္ကူမရှိပေ။ အမ်းရန်ငွေစက္ကူ စီစဉ်ပေးမထားသော ပိုင်ရှင်အတွက် ဆိုင်ဝန်ထမ်းကလည်း သူ့ပိုက်ဆံကို စိုက်၍အကြွေလဲကာ အသင့်ဆောင် ထားနိုင်မည်မဟုတ်ပေ။ ထိုအခြေအနေကြောင့် ဆိုင်ဖွင့်ချိန်လာဝယ်လျှင် ထိုဆိုင်ကဘယ်တော့မှ အကြွေ မအမ်းနိုင်ခြင်းဖြစ်လေ သည်။
    ကျွန်တော်သည် ဟားဗတ်စီးပွားရေးကျောင်းဆင်းမဟုတ်သော်လည်း ဤဆိုင်မျိုး၏ အနာဂတ်ကံကြမ္မာကို အတတ်ပြောနိုင် ပါပေသည်။ ''ဒီဆိုင် ကြာကြာခံမှာမဟုတ်ပါဘူး'' ဟု စိတ်မှာတွေးထားသည်။ ခြောက်လ မပြည့်မီ ပြေးရလေသည်။
    ထို့ကြောင့် လူငယ်များ စီးပွားရေးလုပ်မည်ဆိုလျှင် ငွေကြေးသာမက တခြားဘာတွေ ရင်းသင့်သေးသည် ကို သဘောပေါက်ထား သင့်သည်ဟု ပြောချင်ပါသည်။

ဦးတင်ဦး(ကျူရှင်)
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: zaygwet1997@gmail.com Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.