ငါတို့လူငယ်တွေ
ကျေးဇူးတင်ဂုဏ်ပြုလွှာ
တတိယအကြိမ် စင်္ကာပူနိုင်ငံ စာပေဟောပြောပွဲ
၂ဝ၁၁ ခုနှစ်
၂ဝ၁၁ ခုနှစ်၊ ဧပြီလ ၃ဝ ရက် နေ့တွင် ကျင်းပပြီးစီးခဲ့သော တတိယ အကြိမ် စင်္ကာပူနိုင်ငံ စာပေဟောပြော ပွဲသို့ တက်ရောက်ချီးမြှင့်ဟောပြောပေး ခဲ့သော ဆရာအောင်သင်းအား စာပေ မြတ်နိုးသူများ(စင်္ကာပူ)မှ အထူးပင် ကျေးဇူးတင်ရှိကြောင်း ဂုဏ်ပြုမှတ် တမ်းတင်အပ်ပါသည်။
စာပေဟောပြောပွဲ ဖြစ်မြောက်ရေးအဖွဲ့
စာပေမြတ်နိုးသူများ(စင်္ကာပူ)
၁၂.၇.၂ဝ၁၂ နေ့မှာ ငါ့အိမ်ကို ကောင်လေးတစ်ယောက်နဲ့ ကောင်မ လေးတစ်ယောက် ရောက်လာကြ တယ်။သူတို့က ဂုဏ်ပြု လက်ဆောင် မှန်တမ်းလွှာကို လာပေးတာပါ။ မှတ် တမ်းလွှာမဟုတ်ဘူးနော်၊ မှန်တမ်း လွှာ။ ဘာကြောင့် မှန်တန်းလွှာ လို့ပြော လိုက်ရသလဲဆိုတော့ မှန်အကြည် ပေါ်မှာ မင်အဖြူအပိတ်နဲ့ စာတန်းကို ရေးထားတာကြောင့်ပါပဲ။ မှန် ကလည်းလေးထောင့် ရိုးရိုး မဟုတ်ဘူး။ ဖွင့်ထားတဲ့စာအုပ်တစ်အုပ်ပုံသဏ္ဌာန်ပါ။ အဲဒီထဲမှာ ဖူးပွင့်စရောင်စုံရွက်နုလေးက လည်းဝေလို့။ တကယ်ကို ကျက်သရေ ရှိတဲ့ဂုဏ်ပြု မှန်တမ်းလွှာကလေးလို့ ဆိုရမှာပေါ့။
ငါ့မှာလေ သူတို့ပြန်သွားတော့ အတွေးတွေ တဝေဝေနဲ့ ငေးသလိုလို၊ ဆွေးသလိုလို ဖြစ်ပြီး ကျန်ရစ်ခဲ့တယ်။ မင်းတို့ သိကြတဲ့ အတိုင်း ငါက မျိုးဆက်သစ်လူငယ်တွေ ကဏ္ဍကိုရေး လိုက်ပြီဆိုရင် ဆရာက တပည့်တွေကို ပြောသလို၊ မိဘက သားသမီးတွေ ကို ပြောသလိုမျိုး မင်းတွေ၊ ငါတွေနဲ့ ရေးတော့တာပဲ။
အဲဒီလိုတွင်မကပဲ တစ်ခါတစ်ရံ လှောင်သံ၊ ထေ့သံ၊ ကျိန်းမောင်းသံ ကလေးတွေတောင်ပါသွားတတ်သေး တယ်။ အဲဒါတွေက လူငယ်တွေက ''ဆရာကြီးရေ-ပထမ ဆရာကြီး စာတွေကို ဖတ်စမှာတော့ အောင့်သက် သက်ခံစားမိတာအမှန်ပါပဲ။ နောက် တော့ တစ်စတစ်စနဲ့ယဉ်ပါးလာပြီး ရင်းနှီးသလိုလို နားဝင်ချိုသလိုလို ခံစားမိလာတယ်။ ဒီလိုနဲ့ ဆရာကြီးစာတွေ ကိုဖတ်ရင်း မိဘ၊ ဦးကြီးတို့ က ရေးလိုက်တဲ့ ပေးစာကိုဖတ်နေမိသလို ဖြစ်လာတယ်''
တကယ်အမှန်ပါပဲ။ အဲဒီ စင်္ကာပူရောက်နေတဲ့ကလေးတွေဆိုတာ ရေကြည်ရာမြက်နုရာဆိုသလိုမလွှဲသာလို့ တိုင်းတစ်ပါး ရေခြား၊ မြေခြားမှာသွားပြီး အလုပ်လုပ်ကြရ တာကိုး။ ကိုယ့်မြေကိုယ့်ရေ ကိုယ့် မိ ကိုယ့်ဖ ဦးကြီး ဦးလေး စတာတွေ ကို သတိမရဘဲနေ ပါ့မလား။ ဒီတော့ ငါ့စာတွေနဲ့ ရင်းနှီးနေတဲ့ စာသမား ကောင်လေး၊ ကောင်မလေးတွေက ငါ့ကို တရင်းတနှီး အရိပ် တကြည့် ကြည့် ပြုစုစောင့်ရှောက်ကြတယ်။ ငါကိုယ်တိုင် အနေရခက်လောက် အောင် ဂရုစိုက်ကြပါတယ်။ အခု ဒီစာ ကိုရေးနေ ရင်း ပြန်ပြီး လွမ်းမိပါ သေးတယ်။ လွမ်းတာမှ ရင်ထဲမှာ ဆို့လာအောင် လွမ်းမိတာပါ။ ငါပြန်ခါ နီးတော့ သူတို့တစ်တွေ ဖက်ပြီး ငိုကြတယ်။ နဖူးတွေပါးတွေကို မျက်ရည်တွေရွှဲသွားအောင် နမ်းကြတယ်။ ကိုယ့်မြေ၊ ကိုယ့်ရေကိုချစ်တဲ့၊ လွမ်း တဲ့သင်္ကေတတွေ မဟုတ်လား။ မင်း တို့ ပြည်တွင်းမှာ ကျက်စား လှုပ်ရှား နေတဲ့ လူငယ်တွေက သူတို့ရဲ့ဖော်ကွာ ဝေးခံစားမှုကို နားလည်နိုင်ပါ့မလား မသိဘူး။ ငါကတော့ သူတို့ကို နား လည်ပြီး သနားကြင်နာခြင်းဖြစ်မိ တယ်။
အဲဒါထက် ပိုပြီးသနားမိတာက ငါ့ကိုယ်ငါ့ပါပဲ။ ဘာကြောင့်လည်း ဆိုတော့ အသက်အရွယ်အလျောက် ငါ့မှတ်ဥာဏ်တွေ က မှေးမှိန်လာခဲ့ပြီ။ ငါ့အသက်က ရှစ်ဆယ့်ခြောက်နှစ်ထဲ ဝင်လာပြီ။ ဒီတော့ မှတ်ဥာဏ်က ထုံ ထိုင်းလာပြီ။ မှတ်Óဏ်ဆိုတာလည်းပဲ ခွက်ကြီးတစ်မျိုးလိုပဲ ထင်ပါရဲ့ကွယ်။ ထည့်လိုက်တဲ့အရည်တွေဟာ ခွက် ပြည့်ပြီဆိုရင် လျှံကျသွားတော့တာပဲ။ ရှေ့ပိုင်းက အရည်တွေကတော့အနည် ထိုင်ပြီးခွက်အောက်ခြေမှာ ကျန်နေရစ် တာပဲ။ နောက်ထပ်ထည့်သမျှ အရည် တွေကဘေးကို လျှံကြသွားကြတာ ချည်းပါပဲ။ ဒီလိုပဲ အသက်ကြီးရင့်လာ တော့ မနေ့တစ်နေ့က ကြုံခဲ့၊ တွေ့ခဲ့၊ ဖတ်ခဲ့၊ မှတ်ခဲ့တာတွေကို မေ့သွား တတ်ပြီး ကလေးဘဝက အတွေ့ အကြုံ တောက်တီးတောက်တဲ့ရယ်ရ မောရတာတွေကို အသေးစိတ်မှတ်မိ နေတတ်တယ်။
ဒီတော့ ဖြစ်လာပုံက အဲဒီနေ့က မှန်စာတမ်းကို လက်ဆောင်လာပေး ကြတဲ့ နှစ်ယောက်အနက် ကောင်မ လေးနာမည်က ထားထားအိတဲ့။ စင်္ကာပူမှာ ငါ့အနားလာနေပြီး လက်တိုလက်တောင်းအခိုင်းခံခဲ့တဲ့ ကောင် မလေးဆိုကိုး။ ကိုင်း-ကြည့်စမ်း။ ဘယ်လောက်အားနာစရာ ကောင်း လိုက်သလဲ။ ငါ့မှာလေ ဒီအသက် အရွယ်မှာ မျက်နှာပူစွာနဲ့ပဲ ''သမီးရေ ဘဘကိုခွင့်လွှတ်ပါ။ ဘဘ မှတ်ဥာဏ်က မှေးမှိန်ထုံထိုင်းသွားပြီ။ မှတ် ထားတုန်းခဏပဲ။ ပြီးရင်မေ့သွား တတ်တယ်။ အေးလေ သမီးတို့ ဘဘလောက် အသက်ရှည်လာရင် အိုမင်းခြင်းရဲ့သဘောကို နားလည်လာ ပါလိမ့်မယ်''လို့ ဆိုလိုက်တော့ အဲဒီ ထားထားအိဆိုတဲ့ ကလေးမက ''ဘဘကိုနားလည်ပါတယ်။ ဘဘ ကမေ့သွားလို့ သမီးကစိတ်ကောက် နေရမှာလားလို့''ရယ်ကာ မောကာ ပြောရှာပါတယ်။
အထက်မှာ ပြောခဲ့သလို မှတ်ဥာဏ်ဆိုတာ အရည်ထည့်တဲ့ခွက်ကြီး လိုပဲထင်ပါရဲ့။ စောစောပိုင်းအရည် တွေက အနည် ထိုင်ပြီး အောက်ခြေ မှာ ကျန်ရစ်ခဲ့တယ်။ နောက်ထပ် ထည့်လိုက်တဲ့ အရည်တွေက လျှံကျ သွားတာပဲထင်ပါရဲ့။ ငါ့ကိုလေ နီးစပ် တဲ့ အပေါင်းအသင်း မိတ်ဆွေတွေက မှတ်ဥာဏ်ကောင်းတယ်လို့ ချီးကျူး ကြတယ်။ အခုတော့ အဲဒါတွေဟာ အတိတ်က အရိပ်တွေ လို ဖြစ်သွားပြီ ဆိုကြပါစို့။ ငါက ကလေး ဘဝ ကတည်းကသီချင်းဆိုတာ ဝါသနာပါ တယ်။ ကလေးဘဝမှာဆိုခဲ့ရတဲ့ အာဇာနည် ဗိုလ်အောင်ကျော် သီချင်း၊ ခင်မောင်ရင်ဆိုတဲ့ ဘိုးဘိုးအောင် သီချင်းတွေကို ခုထက်ထိ အစအဆုံး ရသေးတယ်။ ဒါပေမယ့် ငါ့ခရီး မှတ်တမ်းတွေအလိုအရ မကြာသေး မီကမှ ရောက်ခဲ့တဲ့ ပုလဲ၊ ရွာနောင် ဆိုတဲ့ဒေသတွေက မြင့်မြင့်သန်း၊ မြင့်မြင့်စန်း၊ မင်းမင်း၊ အေးအေးမာ၊ ဦးဝေပုလ္လဆိုတဲ့ ပုဂ္ဂိုလ်တွေကို ငါ မမှတ်မိတော့ဘူး။ တွေ့ရမှာ ကြောက် နေပြီ။ သူတို့က ငါ့အသက်အရွယ်နဲ့ မှတ်ဥာဏ်သဘာဝကို နားလည်နိုင်ကြ ပါ့မလားလို့ တွေးနေမိတယ်။
အေးလေ။ ဖြေစရာတော့ ရှိပါ သေးတယ်။
ငါ့မှာ မှတ်ဥဏ်ြက ထုံထိုင်း သွားသော်လည်း ကျိုးကြောင်းဆက် စပ်တွေးခေါ်မှုမှာတော့ မြင်းကျိုးပြေး သလို ကပေါက်တိ ကပေါက်ချာ မဖြစ်သေးဘူးလို့ အောက်မေ့တာပဲ။ အဲဒီလိုဖြစ်လာရင်လည်း ငါ့စာတွေကို အယ်ဒီတာတွေက ဘယ်မှာသုံးပါတော့ မလဲ။ ပယ်လိုက်ကြမှာပေါ့။ အဲဒီ လိုဖြစ်လာရင်လည်း ဒေါသဖြစ်မနေဘဲ ဇရာကပေးတဲ့ဒဏ်ကို အေးအေးဆေး ဆေး လက်ခံလိုက် ရုံပေါ့။ မဟုတ်ဘူး လား။
အောင်သင်း