တိုလီမိုလီစာပေသခွတ်ပင်က မီးတကျည်
တိုလီမိုလီစာပေဆိုတဲ့ ခေါင်းစဉ် ကို အကြောင်းအရာနဲ့စဉ်လိုက်တော့ တိုလီမိုလီဆိုတဲ့ နာမည်ဟာ နုံ့နဲ့လွန်း အားကြီးတယ် လို့ ရေးဖော်ရေးဖက် တချို့က ပြောကြတယ်။ တပည့် ကလေးတွေမေးလိုက်တဲ့ ဝေါဟာရ တချို့ကို ကောက်ကာငင်ကာ ဖြေ လိုက် မိတတ်တယ်။ တစ်ခါတစ်ရံမှာ လည်း အပေါက်အလမ်းတည့်ပါရဲ့။ တစ်ခါတစ်ရံမှာလည်း အတွေးချွတ် ချော်သွားတာ ရှိတတ်တယ်။ ဆိုကြပါစို့။ သခွတ်ပင်က မီးတကျည်ဆိုတာ ဘာလဲလို့ ကလေးတွေကမေးလာ တော့ ရှမ်းပြည်နယ်ဘက်ကျေးလက်တွေမှာ မီးကျည် လွှတ်ပြိုင်ရတာကို သွားသတိရမိတယ်။ ဒါကြောင့်သခွတ်ပင်လို့ ခေါ်တဲ့ရွာသိမ်ရွာငယ်လေးက မီးကျည်ပြိုင်ပွဲဝင်တာ ကို လှောင်ပြောင်တဲ့ သဘောနဲ့ သခွတ်ပင်က မီးတကျည် လို့ပြောခဲ့တာထင်ပါရဲ့ကွယ်လို့ မှန်းသမ်းပြီးပြောခဲ့မိတယ်။ နောင်အခါမှ ကိုယ့်အဖြေ လွဲချော်နေကြောင်း သိလာ မိလို့ ပြုံးခဲ့မိပါသေးတယ်။ ငါ့နှယ် ဒီလောက်တောင်တုံးရသလားလို့ ကိုယ့်ကိုယ်ကို အပြစ် တင်မိသေး တယ်။
နောင်အခါမှ စဉ်းစားမိလာတာက သိကြားမင်းနဲ့ အသူရာတို့စစ်ခင်း ကြတာက ပေါ်လာတဲ့စကားထင်ပါတယ်လို့ စဉ်းစားမိ လိုက်ပါတယ်။ မင်းတို့သိကြတဲ့အတိုင်း သခွတ်ပွင့်ချိန် မိုးဦးကျမှာ အသူရာသိကြားက တာဝတိံသာ သိကြားမင်းကို စစ်ခင်း လေ့ရှိ တယ်။ မိုးဦးကျမှာ မိုးချုန်းတာ။ လျှပ်ပြက်တာတွေဟာ သူတို့စစ်ပွဲရဲ့ တိုက်သံခိုက်သံတွေလို့ ဆိုကြတယ် မဟုတ်လား။ တာဝတိံသာ သိကြားက ကသစ်ပင်ကို အမှီပြုပြီး ထီးနန်း စိုက်တယ်၊ အသူရာသိကြားက သခွတ်ပင်အမှီပြုပြီး နန်းစိုက်တယ်၊ တာဝတိံသာ သိကြားမင်းက ဝရဇိန်မိုးကြိုးလက်နက်ကိုပိုင်တယ်။ အသူရာသိကြားက အဲဒီလိုလက်နက်မျိုးမရှိဘူး။ ဒါကြောင့် သူက မီးကျည်လောက်နဲ့ပဲ ပစ်နိုင်ခတ်နိုင်တယ်။ မိုးကြိုးလက်နက်ကိုတော့ တုလို့မရဘူး ပေါ့။
ဒါကြောင့် မဖြစ်ညစ်ကျယ်လုပ် တတ်တဲ့သူတွေကို သခွတ်ပင်က မီး တကျည်လို့လှောင်ပြောင်ပြောဆိုလေ့ ရှိတယ်။ အဲဒါငါ့ရဲ့ ဆက်လက်တွေး တောချက်ပါပဲ။ ဒီလို တိုလီမိုလီ စာတိုပေစလေးတွေဟာ အရေးတော့ မပါလှဘူးပေါ့။ ဒါပေမယ့် စိတ်ဝင် စားဖို့တော့ ကောင်းတယ်။
လူသရမ်း ချေးတန်းထိ ၊ငှက်သရော နှဲကောမိ
အဲဒီစကားပုံကိုတော့ မင်းတို့ ကြားဖူးချင်မှ ကြားဖူးမယ်။ ငါကတော့ ခပ်ငယ်ငယ်က ကြားဖူးလို့ မှတ်မိနေတယ်။ ဟိုးရှေးခေတ် ကာလသားတွေ ရှုပ်ကြပွေကြပုံကို ဖော်ပြနေတဲ့စကားပုံလေးဖြစ်လို့ ငါခပ်ငယ် ငယ်က တခစ်ခစ်ရယ်မောရင်း နား ထောင်ခဲ့ရတာမို့ မှတ်မိနေတာဖြစ် တယ်။ ရှေးခေတ်ကာလသားကြီးများ ဟာ အပျိုအိမ်ကို ပိုးရင်းပန်းရင်း အလည်သွားလေ့ရှိကြတယ်။ လူပျို လှည့်တယ်ခေါ်တာပေါ့။ သူ့ရပ်ကွက် ကိုယ့်ရပ်ကွက်၊ သူ့အပိုင်း ကိုယ့်အပိုင်း စသည်ဖြင့် အစွဲထား၍ ကွဲပြားကြ တတ်တယ်။ ဒီတော့ ရပ်ကွက်ကျူး ကျော်ပြီး ညတိုင်မှာ လူပျိုလှည့်လာ သူကို ညစ်ပတ်ပြီး ဒဏ်ခတ်နောက် ပြောင်တတ်တဲ့အလေ့အထတွေလည်း ရှိခဲ့တယ်။ သူတို့လုပ်ပုံက ဝါးတစ်လုံး ရဲ့ အလျား နှီးကြောကြီးတစ်ခုကို ခွာယူတယ်။ အဲဒီနှီးကို ခွေလိပ်ပြီး မီးဖိုကြပ်ခိုးစင်ပေါ်မှာ အကြောသေ သွားအောင် တင်ထားလိုက်တယ်။ အကြောသေသွားတော့ အဲဒီနှီးဟာ ဘယ်လောက် ဆန့်ထားပေမယ့် လက်က လွတ်လိုက်ရင် စပရင်လို ပြန်ကွေး သွားတာပဲ။ အဲဒါကိုမှ ခပ်ရှုပ်ရှုပ် ကာလသားတွေက အဲဒီနှီးကြောတန်းမှာ မစင်တွေသုတ်တယ်။ လူပျိုလာလှည့်တဲ့ ငနဲသားအပြန်လမ်းမှာ အဲဒီ ချေးတန်းနှီးကြောကို ကန့်လန့်ဖြတ်တန်းပြီး အသင့်စောင့်နေကြ တယ်။ နောက်ပိုး ကာလသားက အဲဒီချေးတန်းကို လာပြီးတိုက်မိတော့ ဝါးကြောချေးတန်းက စပရင်လို တစ်ကိုယ်လုံးရစ်ပတ်သွား တာပေါ့။ အဲဒီ တော့မှ ဘေးက တိတ်တိတ်ပုန်း ရယ် ကြမောကြတာပေါ့။
ငှက်သရော နှဲကောမိ ဆိုတာမှာ သရောဆိုတာကတော့ နှဲကောနဲ့ ကာရန်မိအောင်ဆိုထားတာပါ။ အမှန် ကတော့ ငှက်သရမ်းလို့ ဆိုချင်တာပါ ပဲ။ နှဲကောဆိုတာက ငှက်ထောင် ခြောက်တစ်မျိုးပါပဲ။ မြားပစ်တဲ့ ကြိုး တပ် လေးလက်နက်ကလေးတွေကို မင်းတို့တွေ့ ဖူးကြပါလိမ့်မယ်။ အဲဒီ လေးမျိုးလေးနှစ်ခုကို လေးကိုင်းချင်း နှီးဖျားသေးသေးလေးနဲ့ တွဲထား တယ်။ ဒီတော့လေးညှို့ကြိုးလေးတွေ က အပေါ်ဘက်မှာ ခြောက်လက်မ လောက်ခွာပြီး ထောင်နေတယ်။ အဲဒီ ညှို့ကြိုးလေးတွေကို ညောင်စေး သုတ် ထား တယ် ။ ညောင်စေးဆိုတာက ညောင်ပင်ကထွက်တဲ့အစေးကို မီးနဲ့ ကြိုထားတာပါ။ အဲဒီညောင်စေးက အလွန်စေးကပ်တယ်။ အဲဒီ ကိရိယာ တစ်ခုလုံးကို နှဲကောလို့ခေါ်တယ်။ နှဲကောထောင်မယ့်ကောင်လေးက အဲ့ဒီလေးကိုင်းလေးတွေကို တွယ်ထား တဲ့ ဖျာအခင်းလေးပေါ် မှာ ပုရစ်စတဲ့ အကောင်လေးတွေကို ဆံချည်မျှင်နဲ့ ချည်ထားလိုက်တယ်။ အဲဒီပုရစ် ကလေးက လှုပ်လိုက်၊ ခုန်လိုက် ရုန်း တာပေါ့။ ပြီးမှ အနီးအနားမှာရှိတဲ့ မြက်ခြောက်ကလေးတွေကိုတော့ မီး ရှို့လိုက်တယ်။ မီးခိုးမြင်တော့ ပျံလွှား၊ ငှက်ခါးစတဲ့ ငှက်တွေ က တောမီးကြောင့် ဟိုပြေး၊ ဒီပြေး ပြေးတဲ့ ပိုးကောင်လေးတွေကို ပျံဝဲပြီးရှာကြ တာပေါ့။ အဲဒီမှာ ခုန်ဆွခုန်ဆွလုပ်နေ တဲ့ ပုရစ်ကို ထိုးသုတ်ဖို့ ပျံဝဲပြီး ဆင်းလာတယ်။ အဲဒီမှာ လေးကိုင်းက ညောင်စေးသုတ်ထားတဲ့ ကြိုးတန်းမှာ အတောင်ကကပ်ပြီး ပျံမရတော့ဘူး။ အဲဒီမှာမှ နှဲကောရှင်က ပျံလွှားငှက်ကို ဖြုတ်ယူတော့တာပေါ့။
ကိုင်း-တိုလီမိုလီစာပေပေါ့ကွာ။
အောင်သင်း