အသိနှင့် အမှန်တရား
ကျွန်ုပ်တို့သည် လူမှန်းသိကတည်းက သေဆုံးချိန် နောက်ဆုံးထွက်သက် အချိန်ထိ မည်သို့နေထိုင်ကြသနည်း။ ယင်းမေးခွန်းသည် ရှင်းလင်းခြင်း မရှိဟု ယူဆနိုင်ပါသည်။ ပို၍တိကျ၊ အတိုချုံး၍ ဖော်ပြရလျှင် ကျွန်ုပ်တို့နေ့စဉ် အချိန်ပြည့်မည်သို့ နေထိုင်ကြပါသနည်း။
မည်သည့်စာအုပ်၊ မည်သည့် ကျမ်းဂန်၊ မည်သည့်အတတ်ပညာ၊ မည်သူ့ကိုမှ အားကိုးရန်မလို။ အတိုဆုံး အရှင်းဆုံး အလွယ်ကူဆုံး၊ အဖြေကို ပေးရမည်။ လွယ်လည်း လွယ်ကူရမည်။ မည်သူ့အကူအညီမှလည်း မယူရဆို၍ ထိုအဖြေသည် အလွန်ခက်ခဲသည်ဟု ယူဆကြသည်။
ထိုသို့သော မေးခွန်းမျိုးကို မိမိတို့ကိုယ်တိုင် မေးကြည့်ဖူးကြပါသလား။ အဖြေရကြပါသလား။ မိမိတို့သည် မိမိတို့ကိုယ်တိုင် မသိသော အရာများအပေါ် အလွန်မှီခို တွယ်တာကြသည်။ အားကိုးကြသည်။ ယခု ထိုအရာများကို ပယ်ခွာ၍ မေးခွန်းကို ဖြေရမည်ဆို၍ အခက်တွေ့ကြခြင်းသာ ဖြစ်၏။
အထက်ပါ မေးခွန်းအတွက် အဖြေရရန် အားထုတ်လျှင် ပုန်းကွယ်နေသော အခြားမေးခွန်းတစ်ခု ရှိနေပါ၏။ ထိုပုန်းကွယ်နေသော မေးခွန်းကို ဖြေနိုင်လျှင် ပထမ မေးခွန်းအတွက် အဖြေရမည်ဟု ယူဆရသည်။ အဆိုပါ ပုန်းကွယ်နေသော မေးခွန်းကလည်း အလွန်လွယ်သည်။ အလွန်လွယ်၍ အဖြေရခက်သည်။ ပုန်းကွယ်နေသော မေးခွန်းမှာ ...
ကျွန်ုပ်တို့ မည်သို့သိသနည်းဆိုသော မေးခွန်းဖြစ်သည်။ ပတ်ဝန်းကျင် လောကကို မည်သို့သိသနည်း။ မိမိကိုယ်ကို မည်သို့သိသနည်း ဆိုသည့် မေးခွန်းများအတွက် အဖြေကိုရှာကြရပါမည်။ စာပေကျမ်းဂန်ထဲမှ မေးခွန်းများ မဟုတ်ပါ။ အလွန်လွယ်ကူသော မေးခွန်းများ၊ နားလည်လွယ်ကူသော မေးခွန်းများ ဖြစ်ပါ၏။
ကျွန်ုပ်တို့ တစ်သက်တာလုံး သိသည်ဆိုသော အရာများနှင့် နေခဲ့ကြသည်။ အသစ်အသစ်သောသိရန် အရာများကို ရှာဖွေကြသည်။ ထိုအခါ၌ မေးခွန်းတစ်ခု ပေါ်လာသည်။ ကျွန်ုပ်တို့ ဘယ်အရာများကို သိပါသနည်း။ မည်သို့သိကြပါသနည်း။ ယင်းအဖြေသည် လူ့ပြဿနာ တစ်ခုလုံးကို ဖြေရှင်းနိုင်သည့် အဖြေဟု ဆိုလျှင် လွန်သည်ဆိုကြပါမည်လား။
ရှင်တော်ဗုဒ္ဓ မိန့်ကြားမှု မှန်သမျှမှာ လူတို့အနေနှင့် ထိုသို့သောအသိကို စစ်ဆေးကြည့်ရန် ညွှန်ပြသည်။ တိုက်တွန်းသည်။ ကိုယ်တိုင်ကြိုးစား ကြရန်လှုံ့ဆော်သည်။ အဘယ်ကြောင့် ဆိုသော် ထိုသို့သော အသိကိုသိရန် အတွက် မည်သူကမှ လုပ်ပေး၍မရ ကူညီ၍မရ၍ ဖြစ်၏။
လူတို့သည် တစ်သက်တာလုံး ကိုယ့်ကိုယ်ကိုမသိဘဲ အခြားသူများ ပြောသော အသိနှင့်နေကြသည်။ ထိုသို့နေထိုင်ခြင်းကိုပင် အမှန်ဟု ထင်မှတ်နေကြသည်။ ရှင်တော်ဗုဒ္ဓက ထိုသို့သောအသိ၊ ထိုသို့သော ထင်မှတ်မှုကို ကိုယ်တိုင်သိသွားစေရန် လမ်းပြပေးသည်။
မိမိတို့ ကိုယ်တိုင်သိသည့် အရာဆို၍ တစ်ခုမှမရှိ၊ ထိုသို့ကိုယ်တိုင် မသိသော အရာများနှင့် တစ်သက်တာနေကာ ကိုယ်ကိုယ်တိုင်လည်းမသိသော လူများမှာ မိမိတို့ ဖြစ်သည်။ ယင်းအချက်သည် အခြေခံ ဖြစ်၏။ ဆိုလိုသည်မှာ သုညတဖြစ်၏။
ထိုသုညတကို ဆေးဆိုး၊ အဝတ်အစားဝတ်ကာ ဟန်လုပ်၊ မိမိတို့ ဘဝ၌ မိမိတို့သည် မင်းသား၊ မင်းသမီး၊ အရှင်သခင် ဘဝများနှင့် နေကြ သည်။ မိမိတို့အသိများ မှားနေမှု၊ အမှားကို သိနေမှုများကို ရှင်တော် ဗုဒ္ဓကကိုယ်တိုင် သိနိုင်သည့်လမ်းညွှန် မှုကိုပြသသည်။
ကျွန်ုပ်တို့မည်သို့ သိကြသနည်းဆိုသည့် မေးခွန်းသည်အလွန် လွယ်ကူရှင်းလင်းသည်။ သို့သော် အခြေခံအကျဆုံးဟု ဆိုခြင်းဖြစ်ပါသည်။
မောင်ဈေးကွက်